မိုင်းရူပ၊ မတ်လ ၁၆ ရက်၊ ကွတ်ခိုင်
ကိုးကန့်တပ် – MNDAA ဘက်က တအာင်းတပ် – TNLA ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့အနီးမှာ အမျိုးသမီးတစ်ဦး ဒရုန်းဗုံးထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မနေ့ မတ်လ ၁၅ ရက်မှာ TNLA နဲ့ MNDAA အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကွတ်ခိုင်မြို့ ဗျူဟာကုန်းအနီးရှိ ဟိုကျန့်ရွာထဲ နေအိမ်ပေါ် ကို ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ ဆိုရပါတယ်။
“ဒရုန်းက လာချသွားတာ။ ချတော့ အိမ်မှာ လာထိတော့ အမျိုးသမီးတစ်ယောက် သေသွားတယ်” လို့ ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မနေ့ မတ်လ ၁၅ ရက် ညနေပိုင်းအထိ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို ကိုးကန့်တပ်ဘက်က ဒရုန်းနဲ့ဆက်တိုက်ဗုံးကြဲနေပြီး မြို့ပေါ်နေရာ အများစုကို ကိုးကန့်တပ်ဘက်က ထိန်းချုပ်ထားပါတယ်။
ကွတ်ခိုင်တိုက်ပွဲအတွင်း နှစ်ဖက်တပ်အကြား ထိခိုက်သေဆုံးမှုများပြီး ဆိုက်ကယ်စီးလာတဲ့ တအာင်းတပ်ဖွဲ့ဝင် ၂ ဦးကို MNDAA ဘက်က ပစ်ခတ်လို့ လမ်းမပေါ်မှာ သေဆုံးနေတာကိုလည်း တွေ့မြင်ရပါတယ်။
ဒါ့အပြင် MNDAA တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ဘက်ကိုလည်း စစ်အင်အားတွေ ဖြည့်တင်းတာတွေ ပြုလုပ်နေပြီး ထိုးစစ်ဆင်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ (၁၀၅) မိုင်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့ နေရာ ၅ ခုထက်မနည်းမှာ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။