ဆုမွန်၊ မတ်လ ၁၅ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာက တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်-MNDAAက ဝင်ရောက်စစ်ဆေးပြီး ဒေသခံတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ဖတ်ကာမှာရှိတဲ့ တအာင်းတပ် – TNLA ရဲ့ တပ်စခန်းအားလုံးကို ကိုးကန့်တပ် စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နမ့်ဖတ်ကာကျေးရွာရှိ ရပ်ကွက် ၄ က ဒေသခံတချို့ကိုလည်း ကိုးကန့်တပ်က ဖမ်းဆီးသွားတဲ့အပြင် ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဖမ်းသွားတာ ၅ယောက် ၆ ယောက်ရှိတယ်။ အကုန်လုံးက ရပ်ကွက် ၄ က ဒေသခံတွေပဲ။ တချို့အိမ်မှာကျတော့ စစ်သားဝတ်စုံတွေ့လို့ ဖမ်းသွားတယ်။ တချို့ကလည်း သူတို့ ကြိုးနဲ့ချည်ပြီး အတင်းဖမ်းဆီးသွားတယ်။ ခေါ်သွားပြီး ရိုက်နှက်တာတွေလည်း ရှိတယ်။ သူတို့ဖမ်းသွားတဲ့သူတွေကို အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ ကျနော်တို့အကိုဆို သူမနေ့ကတည်းက ရပ်ကွက်၅ ကနေ ရပ်ကွက် ၄ ပြန်သွားတာ အခုချိန်ထိ အိမ်မရောက်သေးဘူး။ ကိုးကန့်တွေ ဖမ်းသွားတဲ့အထဲ ပါသွားတာလားမသိဘူး” လို့ ပြောပါတယ်။
နမ့်ဖတ်ကာကျေးရွာရှိ TNLA ရဲ့ အုပ်ချုပ်ရေးရုံး၊ ရဲစခန်း အပါအဝင် နမ့်ဖတ်ကာကျေးရွာအထွက်ရှိ တအာင်းတပ်ရဲ့ တပ်စခန်းတွေကိုလည်း ကိုးကန့်တပ်ဘက်က မနေ့ မတ်လ ၁၄ ရက်မှာ စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ မတ်လ ၁၅ ရက်မှာတော့ နမ့်ဖတ်ကာနဲ့ နမ့်ခမ်းမြို့နယ်ကြားမှာရှိတဲ့ TNLA ရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်နေပြီး ၁၂ မိုင်ကျေးရွာရှိ TNLA ရဲ့ တပ်စခန်းတွေကို ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့ပေါ်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျုဟာကုန်းကို ကိုးကန့်တပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကိုးကန့်တပ်ဘက်က ဒရုန်းဗုံး ရာချီအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တအာင်းတပ်ဘက်ကတော့ MNDAA နဲ့ တအာင်းတပ်တို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးနဲ့ ကြိုးစားအဖြေရှာသွားမယ်လို့ မနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။