ဝတ်ရည်၊ မတ်လ ၁၄ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ သီပေါမြို့ရှိ သီပေါတံတားကို ၄ လ ကြာတဲ့အထိ ပိတ်ထားဆဲဖြစ်ကြောင်း သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တကယ်ဆို ဖွင့်ပေးလို့ရတဲ့တံတားလေ။ အကြာကြီးပိတ်ပြီး လုပ်စားနေကြတာလေ။ ကမ်း ကူးပေးတဲ့သူတွေကလည်း သူဌေးတွေ ဖြစ်နေလောက်ပြီ။ ခရီးသည်တင်တဲ့ ကားသမားတွေပဲ နစ်နာတာပါ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
သီပေါတံတားကို စစ်တပ်က ပိတ်လိုက်ပြီးနောက် မြို့ဟောင်းဘက်မှာ ကမ်း ကူးပေးပြီး ဆိုင်ကယ် ၁ စီးကို ၂ သောင်း၊ လူတစ်ယောက် ၁ သောင်းနဲ့ ကမ်းကူးပေးပြီး စီးပွားအဖြစ် ပြန်လည်လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။
“ကျနော်က လားရှိုးကနေ လာတာပါ။ တချို့နေ့တွေဆို ကမ်းကူးဖို့ ၃ နာရီလောက် စောင့်ရတယ်။ ကူးဖို့စောင့်တဲ့ ကားတွေက တစ်နေ့တစ်နေ့ အများကြီးလေ။ တံတားက ပြန်ဖွင့်ပေးမယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်ထိ ပြန်မဖွင့်သေးပါဘူး။ တံတားဖွင့်လည်း ဂိတ်မှာ ပိုက်ဆံ ကောက်မှာပဲလေ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
ကမ်း ကူးခကို ကားအမျိုးအစားပေါ် မူတည်ပြီးတော့ တချို့ကားက ၂ သိန်း၊ ၃ သိန်း အနည်းဆုံး ပေးပြီးတော့ ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှာ စစ်တပ်နဲ့ ကိုးကန့်တပ်က သီပေါတံတားကို အပြန်အလှန် ပိတ်ဆို့ခဲ့သလို လူအသွားအလာကအစ တင်းကြပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်မှာတော့ ကိုးကန့်တပ်က ဂိတ်ကနေ ဆုတ်ခွာပေးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။