ရွှေဖီမြေ၊ မတ်လ ၁၄ ရက်
အချင်းချင်းကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တို့ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ- NUCC က ထုတ်ပြန်တောင်းဆိုထားပါတယ်။
အာရက္ခတပ်တော်- AA၊ MNDAA နဲ့ TNLA တို့ဟာ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကို ဦးဆောင်ပြီး သမိုင်းဝင် ကမ္ဘာသိတဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးကို အောင်မြင်စွာ ဆင်နွှဲခဲ့ကြပြီး နွေဦးတော်လှန်ရေး အင်အားစုတွေအတွက်လည်း အားကျအတုယူဖို့ကောင်းတဲ့ စစ်ရေးခေါင်းဆောင်မှု စံနမူနာတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
TNLA, MNDAA အနေနဲ့ စည်းလုံးညီညွတ်မှုကြောင့် ရခဲ့တဲ့ သမိုင်းဝင် အောင်မြင်မှုနဲ့ လူထုတွေရဲ့ လေးစားအားကျမှုကို တန်ဖိုးထားထိန်းသိမ်းပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မျက်နှာမူပြီး ဆက်လက် ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
NUCC အနေနဲ့ TNLA နဲ့ MNDAA တို့ကို ပြည်ထောင်စုသားချင်း မောင်နှမအနေနဲ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး မဟာမိတ်အနေနဲ့ပါ မှတ်ယူထားတာကြောင့် နှစ်ဖက်တပ် တွေ့ဆုံဆွေးနွေးဖို့ အကူအညီ လိုအပ်ရင်လည်း ပါဝင်ပေးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။