ရွှေဖီမြေ၊ မတ်လ ၁၄ ရက်
ဒီနေ့ မတ်လ ၁၄ ရက် မနက်မှာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ကျင်စခန်းကျော့၊တာမိုးညဲနဲ့ မုံးစီးရှိ TNLA ရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်ခဲ့ပေမယ့် TNLA ဘက်က အရင်ပစ်လို့ ပြန်လည်ခုခံတာဖြစ်တယ်လို့ ကိုးကန့်တပ် ဒီနေ့လည်ပိုင်းမှာ စာထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲ ဝန်းကျင်မှာ ကင်းလှည့်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၎င်းတို့က ပြန်လည်ခုခံခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ကွတ်ခိုင်မြို့ထဲက MNDAA ရဲ့ အုပ်ချုပ်ရေးဌာနတွေကို အကြမ်းဖက်ဝင်ရောက်စီးနင်းတာ၊ သေနတ်ဖောက်ပြီး ခြိမ်းခြောက်တာနဲ့ ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ရိုက်နှက်တာတွေကြောင့် ၎င်းတို့ရဲ့ တပ်သားတွေ ဒဏ်ရာရခဲ့တာရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် ကွတ်ခိုင်မြို့ထဲက MNDAA ရုံးတွေကို အရင်အတိုင်း ဖွင့်ခွင့်ပြုမှတွေ့ဆုံဆွေးနွေးမယ်လို့ ၅ ကြိမ်စာပို့ခဲ့ပေမယ့် TNLA ဘက်က လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာလည်း TNLA ဘက်က ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို သိန္နီခရိုင်ထဲကို စေလွှတ်ပြီး နယ်မြေထိန်းချုပ်ဖို့ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်က MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို TNLA ဘက်က လိုက်လံ ဖြုတ်သိမ်းခဲ့ပြီးနောက် နှစ်ဖက်တပ်အကြား တင်းမာမှုတွေ စဖြစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း နှစ်ဖက်တပ်အကြား ပဋိပက္ခ ပိုကျယ်ပြန့်လာပြီး တအာင်းတပ်က ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့တွေကို အင်အားသုံး ဖယ်ရှားသလို ကိုးကန့်တပ်ဘက်ကလည်း သိန္နီမြို့နယ် မိုင်းပါးရွာနဲ့ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်နဲ့ မိုင်းယုလေး ငေါငါးရွာအထက်ရှိ TNLA တပ်ဖွဲ့ဝင်တွေကို အင်အားသုံး ဖမ်းဆီးရိုက်နှက်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။