အလင်း၊ မတ်လ ၁၄ ရက်၊ ဂန့်ဂေါ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ CDM ပြုလုပ်ထားတဲ့ ရဲတပ်သားတစ်ဦးက ကျည်တွေနဲ့အတူ ဂန့်ဂေါအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ – ၅၀) တပ်ရင်းထံသို့ ပူးပေါင်းသွားတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ CDM ရဲတပ်သားဟာ ဂန့်ဂေါမြို့နယ်၊ ပြစ်မကျေးရွာဇာတိ ကိုဝဏ္ဏအောင်ဆိုသူဖြစ်ပြီး သူဟာ ၂၀၂၃ ခုနှစ်မှာ မင်းရွာရဲကင်းစခန်းမှ CDM ပြုလုပ်ပြီး တော်လှန်ရေးအဖွဲ့တွေထံ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ကိုဝဏ္ဏအောင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့၊ ညနေ ပိုင်းမှာ တာဝန်ထမ်းဆောင်ရင်း ဂန့်ဂေါအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ (၅၀) တပ်ရင်းထံကို ကျည်ဆန်တွေ ယူဆောင်သွားပြီး ပူးပေါင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျည်ဆန်တွေ ခိုးယူပြီး မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဆီ ပူးပေါင်းသွားတာပါ။ သူအခု ခလရ ၅၀ တပ်ရင်းမှာ ရှိနေပါတယ်” လို့ ဂန့်ဂေါမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကိုဝဏ္ဏအောင်ဟာ PDF တပ်ဖွဲ့များအတွင်း ရောက်ရှိနေစဉ်အတွင်းမှာပင် တော်လှန်ရေး ကျည်ဆန်တွေကို ခိုးယူရောင်းချသဖြင့် အရေးယူ ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။
“သူက CDM လုပ်တယ်ဆိုတာကလည်း ဟန်ပြပါ။ တပ်ထဲမှာ နေတုန်းကလည်း ခိုးရောင်းလို့ ပြဿနာ တက်ဖူးတယ်။ အခုလည်း ခိုးရာပါကျည်ဆန်တွေနဲ့ ပြေးသွားတာပါ” လို့ ဂန့်ဂေါမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်မှ ကိုဝဏ္ဏအောင်ရဲ့ မိသားစုဝင်တွေကိုပါ ဂန့်ဂေါမြို့ရှိ အမတ (၃၇၁) တပ်ရင်းအတွင်း ခေါ်ယူစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေ အခုလို လက်နက်ခဲယမ်းယူဆောင်ပြီး စစ်ကောင်စီတပ်ထံ ပြန်လည်ပူးပေါင်းသွားတဲ့ဖြစ်စဉ်မှာ ယခုတစ်ကြိမ်တည်း မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း PDF ရဲဘော်တစ်ဦး မိသားစုနဲ့အတူ လက်နက်ခဲယမ်းယူပြီး ခလရ (၅၀) ထံ ထွက်ပြေးသွားတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။