ရွှေဖီမြေ၊ မတ်လ ၁၃ ရက်
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု- SRA ရဲ့ အပတ်စဉ်(၁) အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ မတ်လ ၁ ရက်က လွတ်မြောက်နယ်မြေတနေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ SRA က မနေ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
သင်တန်းကို အာရက္ခတပ်တော်- AA ရဲ့ သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA၊ ယောတပ်တော်- YA၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်- Magway-PDF၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး- BLDF စတဲ့တပ်ဖွဲ့က သင်တန်းသားတွေ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ စစ်သည်တော်ကျင့်ဝတ်နဲ့ စစ်စည်းကမ်းတွေကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားကို SRA တပ်ဖွဲ့ဝင် တပ်မှူး၊ မဟာမိတ် တော်လှန်ရေးတပ်တွေရဲ့ တပ်မှူး၊ ဒေသတွင်း ရပ်မိရပ်ဖနဲ့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း ရဲဘော်တွေကိုလည်း ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
SRA အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးနဲ့ လူထုလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုအား၊ ညီညွတ်မှုအားနဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
SRA ကို ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော်- BPLA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF၊ ချင်းညီနောင်- CB၊ Magway PDF၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော်- SAGAIN PDF၊ မွန်ပြည်တော်လှန်ရေးတပ်- MSRF၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLF စတဲ့တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။