ရွှေဖီမြေ၊ မတ်လ ၁၂ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြိုမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပေါ်တာ လိုက်ဆွဲမှုကြောင့် ဒေသခံတွေ အလုပ်ခွင်ထဲ မသွားရဲကြဘဲ ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဆိုင်းတောင်၊ ဖားပြင်နဲ့ မမုံ စတဲ့ကျေးရွာတွေမှာ ၂၄ နာရီပတ်လုံး တပ်သားသစ် လိုက်လံ စုဆောင်းနေတာကြောင့် ဒေသခံတွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “သူတို့က အမြဲဆွဲနေတာ။ ညရော မနက်ရော ၂၄ နာရီလုံး လိုက်ဆွဲနေတာ။ လူတွေလည်း ကြောက်တော့ အလုပ်မသွားရဲကြတော့ဘူး။ ဘာမှကို အလုပ်မဖြစ်တာ။ ပြည်သူတွေအတွက် အဆင်မပြေဘူး။ အဝေးကနေ အလုပ်လာလုပ်တဲ့ လူတွေကတော့ ဒုက္ခတော်တော်ရောက်တယ်။ လုပ်စားလို့လည်းမရ။ အလုပ်သွားရင်လည်း အဖမ်းခံရမယ်” လို့ ပြောပါတယ်။
ဖားကန့်မြို့ပေါ် လက်နက်ကိုင်တပ်တွေက အလုပ်ကနေ အသွားအပြန် လုပ်နေသူနဲ့ အလုပ်ခွင်မှာရှိတဲ့သူတွေကိုပါ ပေါ်တာ ဆွဲတာတွေ ပြုလုပ်နေတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့က နေရာအစုံကို လိုက်ဆွဲနေတာ။ အများဆုံးက မှော်နဲ့ကျောက်ဝိုင်းတွေမှာ အများဆုံးဘဲ။ ဒီမှာရှိတဲ့လူတွေက အလုပ် မသွားရဲဘူး။ ကျောက်ရှာလည်း မထွက်ရဲကြဘူး။ တော်တော်များများက အိမ်ထဲကနေ အိမ်အပြင်ကို မထွက်ရဲကြတာ။ တွေ့ရင်တွေ့သလို ဆွဲသွားတာ။ အသိတွေထဲကတောင် ၄၊ ၅ ယောက် ပါသွားတယ်”
ပေါ်တာ ဆွဲခံရလို့ ပါသွားတဲ့သူတွေထဲ လူအနည်းစုသာ ပြန်လည်လွှတ်မြောက်လာပြီး အများစုက ဆက်လက် ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။
“အခု သူတို့ ဖမ်းမိပြီဆိုရင် လွယ်လွယ်နဲ့ ပြန်မလွတ်ပေးတော့ဘူး။ ပြန်လွတ်လာတဲ့သူတွေတော့ ရှိတယ်။ ပိုက်ဆံကြောင့် ပြန်လွှတ်လာတဲ့သူတွေချည်းဘဲ။ လူတော်တော်များများတော့ ပါသွားတယ်။ လူဦးရေတော့ မသိဘူး။ ပါသွားတဲ့လူတွေလည်း ပြန်လွှတ်နိုင်ခြေ မရှိဘူး”
အခုလို ပေါ်တာ ဆွဲနေတာဟာ ၅ လကျော်လောက် ရှိပြီလို့ ဒေသခံတွေက ပြောဆိုကြပြီး ပေါ်တာ လိုက်ဆွဲနေတဲ့တပ်ဖွဲ့ဟာ ကချင်တပ်မတော်- KIA နဲ့ပူးပေါင်းတပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။