ရွှေဖီမြေ၊ မတ်လ ၁၁ ရက်၊ အမ်း
အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်မှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက် မနက် ၁၁ နာရီ ၂ မိနစ်ကနေ နေ့လယ် ၂ နာရီ ၂၈ မိနစ်အထိ ဂျက်ဖိုက်တာ ၄ စီး၊ Y12 ၄ စီးနဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို ၃ နာရီခွဲ ကြာတဲ့အထိ ဗုံးကြဲတိုက်ခိုက်တာကို မရပ်မနား လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် လတ်တလောစာရင်းအရ သေဆုံးသူအပြင် စစ်သုံ့ပန်းထဲက ဒဏ်ရာရသူ ၃၂ ဦးရှိပြီး အရပ်သား သုံ့ပန်းတချို့လည်း ထိခိုက်သေဆုံးသူ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်ဟာ အာရက္ခဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ထဲက စစ်သုံ့ပန်း အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း AA က ပြောဆိုထားပါတယ်။
စစ်သုံ့ပန်းအလောင်းတချို့က မည်သူမည်ဝါ စစ်ဆေးဖို့အတွက် ခက်ခဲတဲ့အထိ ခန္ဓာကိုယ်အပိုင်းအစ ရစရာမရှိကာ ပျောက်ဆုံးတဲ့ အလောင်းလည်း ရှိနေတာကြောင့် အသေးစိတ် အချက်အလက်ကို စစ်ဆေးပြီးတဲ့အချိန်မှာ ဆက်လက် တင်ပြပေးသွားမယ်လို့လည်း ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။