မိုင်းရူပ၊ မတ်လ ၁၁ ရက်၊ မိုးမိတ်
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ရှမ်းမြောက် မိုးမိတ်မြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မိုးမိတ်-သပိတ်ကျင်း တွင်းငယ်ရွာလမ်းပိုင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဘက်က တွင်းငယ်ရွာဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၉ ရက်မှာ တွင်းငယ်ရွာအနီးရှိ ကျောက်ဖြူရွာကို တော်လှန်ရေးတပ်က လက်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျောက်ဖြူကို ပေးလိုက်ရပါပြီ။ တိုက်ပွဲက ဆက်ဖြစ်နိုင်တဲ့ အခြေအနေရှိတယ်” လို့ မိုးမိတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဟာ မိုးမိတ်နဲ့ တွင်းငယ်ရွာကို ထိန်းချုပ်ထားတာကြောင့် မိုးမိတ်နဲ့ တွင်းငယ်ရွာကြားမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြားညှပ်နေတဲ့အခြေအနေ ဖြစ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်တပ်ဟာ မိုးမိတ်မြို့ကို ပြန်ရပြီးနောက် မြို့ပြင်နေရာတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ပစ်ခတ်သံလည်း ကြားနေရတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မြို့ပြင်မှာတော့ ပစ်ခတ်သံတွေ ကြားနေရသေးတယ်။ မြို့ထဲမှာတော့ ဒေသခံတွေ တော်တော်များများ ပြန်လာကြပြီ။ ဝန်ထမ်းတွေလည်း မပို့နိုင်သေးဘူး။ အုပ်ချုပ်ရေးလည်း မစနိုင်သေးဘူး”
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလကုန်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ စစ်တပ်က ပြန်ထိန်းချုပ်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။
မိုးကုတ်-မိုးမိတ် စစ်ဒေသအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ တိုက်ပွဲပေါင်း ၁၇ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်း မလည်ပတ်နိုင်အောင် အဓိက တိုက်ခိုက်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။