ဓာတ်ပုံ – SAC

အင်းငယ်၊ ဇန်နဝါရီ ၂၃ ရက်၊ လွိုင်ကော်

ကရင်နီပြည်ရဲ့မြို့တော် လွိုင်ကော်မြို့က တက္ကသိုလ်တွေကို လာမယ့် ၂၀၂၅-၂၀၂၆ စာသင်နှစ်အတွင်း အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ စီကောင်စီက စီစဉ်နေတယ်လို့ Non-CDM သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကနဦးအနေနဲ့ ပညာရေး ဒီဂရီကောလိပ်ကို ဖွင့်လှစ်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ လွိုင်ကော်တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်နဲ့ ကျန်တဲ့ ကောလိပ်အပါအဝင် ကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ဖို့ စစ်ကောင်စီက စီစဉ်နေတာ ဖြစ်ပါတယ်။

Non-CDM ကျောင်းသူတစ်ဦးက “အခု တောင်ကြီးမှာ တက်နေတာ။ ကျောင်းဖွင့်ရင် လွိုင်ကော်မှာပဲ တက်ရမယ်လို့ ပြောတယ်။ ကျောင်းသားမိဘတွေကနေတဆင့် ကျောင်းပြန်တက်ရမယ်လို့ မှာထားတာ။ ကျောင်းမတက်တော့တဲ့သူတွေလည်း ပြန်လာရမယ် ပြောတယ်” လို့ ပြောပါတယ်။

လွိုင်ကော်မြို့က တက္ကသိုလ်တွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးကာလကတည်းက ပိတ်ထားရပြီး လက်ရှိမှာလည်း မြို့ပြင်ပတ်ပတ်လည်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် လုံခြုံရေး စိတ်မချရသေးဘူးလို့ မြေပြင်က သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် GTC တက္ကသိုလ်၊ မိုင်းလုံး၊ ရွာတန်းရှည် စသည့်နေရာတွေမှာလည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး နာနတ်တော၊ ဒေါ့ဥခူ၊ ဘာဒို၊ ဌေးငှားလျား၊ နောင်ယား စတဲ့ရပ်ကွက်တွေကိုလည်း စစ်ကောင်စီက လုံခြုံရေးအရ ဝင်ရောက်နေထိုင်ခွင့်၊ ဖြတ်သန်းခွင့် ပိတ်ထားဆဲ ဖြစ်တာကြောင့် အခု ကျောင်းပြန်ဖွင့်မယ့် ကိစ္စအပေါ် ကျောင်းသားမိဘတွေဘက်က စိုးရိမ်မှု ရှိနေပါတယ်။

တက္ကသိုလ်နဲ့ကောလိပ် ဖွင့်ဖို့အတွက် စစ်ကောင်စီ ဆောင်ရွက်နေမှုဟာ နိုင်ငံတကာမှာ ကရင်နီပြည် တည်ငြိမ်အေးချမ်းနေကြောင်း ဝါဒဖြန့်ဖို့သက်သက်ဖြစ်ပြီး လက်ရှိအခြေအနေအရလည်း နယ်မြေလုံခြုံရေးတာဝန် မယူနိုင်သေးဘူးလို့ လွိုင်ကော်မြို့အနီးတစ်ဝိုက်မှာ စစ်ရေး လှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

“သူတို့ လုံခြုံရေး တာဝန်ယူနိုင်တယ်ဆိုရင်တော့ ဖွင့်ကြပေါ့။ ကျနော်တို့တော့ တာဝန်မယူဘူး။ အခုလည်း ပြန်လာတဲ့သူက သိပ်မရှိသေးပါဘူး။ ပြန်လာရင်လည်း အရင်လို စည်စည်ကားကား မဟုတ်တော့ လုပ်ကိုင်စားဖို့က ခက်တယ်။ ကျောင်းဖွင့်ဖို့ထက် စစ်ရှောင်တွေ ပြန်လာဖို့တောင် သူတို့ မလုပ်နိုင်သေးဘူး။ ဖွင့်ဖြစ်ရင်တော့ သူတို့ သားသမီးတွေနဲ့ တပ်မိသားစုတွေပဲ ရှိမှာ”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် ကရင်နီပြည်နယ်နေ့တုန်းက စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွှန့်ဖေက လွိုင်ကော်မြို့ပေါ်ရှိ တက္ကသိုလ်၊ ကောလိပ်ကို လာရောက်ကြည့်ရှုခဲ့ပြီး ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် အမြန်ဆုံး ပြင်ဆင်ကြဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

အလားတူ ၂၀၂၄ အောက်တိုဘာ ၁၂ ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က တက္ကသိုလ်နဲ့ ကောလိပ် ဖွင့်လှစ်ဖို့အတွက် လွိုင်ကော်တက္ကသိုလ်မှာ ဦးဆောင်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်မှာ စစ်ကောင်စီ တပ်စွဲခဲ့ဖူးပြီး GTC တက္ကသိုလ် အနီးတစ်ဝိုက်မှာလည်း မကြာခဏ စစ်ရေးတင်းမာလေ့ ရှိတာကြောင့် တက္ကသိုလ်ဖွင့်မယ့်ကိစ္စအပေါ် ကျောင်းသား ကျောင်းသားမိဘနဲ့ Non-CDM ဝန်ထမ်းတွေက စိုးရိမ်ပူပန်နေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။