ရွှေဖီမြေ၊ မတ်လ ၁၀ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရွာရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အနီးမှာ ခရီးသည် အမျိုးသမီး ၂ ဦး မိုင်းနင်းမိခဲ့ကြောင်း မြေပြင်ရှိ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက် မနက်အစောပိုင်းမှာ လိုင်းကားနဲ့ မန္တလေးမြို့ကနေ တက်လာတဲ့ ခရီးသည်အမျိုးသမီး ၂ ဦး ၎င်းဂိတ်အနီး အပေါ့သွားချိန် မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
”အဲနေရာက စစ်တပ်ဧရိယာတွေဖြစ်တယ်။ သိရသလောက်က ကျောင်းပတ်ပတ်လည်နဲ့ အနီးအနားမှာ မိုင်းတွေ ထောင်ထားတာတဲ့” ဆိုပြီး ၎င်းအမျိုးသားက ပြောပါတယ်။
မိုင်းနင်းမိသူ ၂ ဦးဟာ အသက် ၃၀ ဝန်းကျင်အရွယ် နောင်ချိုမြို့ခံဖြစ်ပြီး ခြေထောက်နဲ့ခါးမှာ ဒဏ်ရာ ရခဲ့တာကြောင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။
နောင်ချိုနဲ့ပြင်ဦးလွင်ကြားမှာ ဒေသခံနဲ့ ခရီးသည်တွေ မြေမြှုပ်မိုင်း မကြာခဏ နင်းမိနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။