မိုင်းရူပ၊ မတ်လ ၉ ရက်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ဒေသဘက် ကိုးကန့်တပ်- MNDAA က ကုန်စည်တွေ မစီးဆင်းနိုင်အောင် ပိတ်ပင်ထားဆဲဖြစ်ပြီး ပစ္စည်းသယ်ယူခွင့်ကိုလည်း လုံးဝ မပေးတော့ဘူးလို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန္နီမြို့အထွက် တိုးဂိတ်မှာ ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်ကားတွေကို MNDAA က နောက်ပြန်လှည့်ခိုင်းနေပြီး ခရီးသည်တွေကိုသာ ဖြတ်သန်းခွင့် ပြုတယ်လို့ လားရှိုး-မူဆယ် ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သိန္နီတိုးဂိတ်မှာ ကားတွေ အများကြီးပဲ ပိတ်နေတာ။ ကုန်ပါရင် လုံးဝ ပေးမဖြတ်ဘူး။ ဘာမှကို ပေးမတင်တာ။ လူပဲရတယ်”
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်ဘက်ကိုလည်း ကိုးကန့်တပ်က လားရှိုးမြို့အထွက် အီနိုင်းတံတားရှိ စစ်ဆေးရေးဂိတ်မှာ ကုန်ပစ္စည်းတင်တဲ့ ကားတွေကို ဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ နမ္မတူ-လားရှိုးလမ်းပိုင်း သွားလာနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
“ပစ္စည်းကတော့ ဘာမှ ပေးမသယ်ဘူး။ ခရီးသည်ကတော့ ရသေးတယ်”
ကွတ်ခိုင်မြို့မှာ တအာင်းတပ်နဲ့ ကိုးကန့်တပ်အကြား စစ်ရေး တင်းမာမှု ဖြစ်ပွားပြီးနောက် ကိုးကန့်တပ်က တအာင်းတပ် ထိန်းချုပ်ဒေသဘက် ကုန်ပစ္စည်းတချို့ သယ်ယူခွင့် ကန့်သတ်လာရာကနေ ဒီနေ့ မတ်လ ၉ ရက်မှာ ကုန်ပစ္စည်းအားလုံး သယ်ယူခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ကိုးကန့်တပ်ရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် တအာင်းတပ် ထိန်းချုပ်ဒေသမှာ ကုန်ပစ္စည်းတချို့ ပြတ်လတ်တာနဲ့ ကုန်ပစ္စည်း ဈေးမြှင့်တက်တာတွေ ကြုံနေရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်ဖြုတ်ရာကနေ နှစ်ဖက်တပ် ထိုးကြိတ်မှု ဖြစ်ပွားခဲ့ရာကနေ ၁ လနီးပါး ကြာတဲ့အထိ ပြေလည်မှု မရသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။