မိုင်းရူပ၊ မတ်လ ၆ ရက်၊ ကွတ်ခိုင်
ညီနောင်မဟာမိတ်တပ်ဖြစ်တဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ်အကြား မြေပြင်တင်းမာမှု ပြေလည်မှု မရသေးဘဲ တအာင်းတပ်ရဲ့ တပ်စခန်းကို ကိုးကန့်တပ်ဘက်က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကွတ်ခိုင်-တားမိုညဲလမ်းပေါ်ရှိ ကွတ်ခိုင်မြို့အနီး မော်ဟန်ရွာရှိ တအာင်းတပ်ရဲ့ ကာကင်းစခန်းကို ကိုးကန့်တပ်က လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကိုးကန့်တွေက သေနတ်နဲ့ ၆ ချက်လောက် အရင်လာပစ်တာ။ ပြီးတော့မှ ပြန်ဆုတ်သွားတာ။ TNLA ဘက်က ပြန်ပစ်တာတော့ မရှိသေးဘူး။ အထိအခိုက်လည်း မရှိဘူး” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သိန္နီမြို့ကနေ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဘက် ကိုးကန့်တပ်က ကုန်စိမ်းတချို့သာ သယ်ခွင့်ပြုပြီး တခြားကုန်ပစ္စည်းတွေကို မနေ့ မတ်လ ၅ ရက်အထိ သယ်ယူခွင့် ပိတ်ထားတယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အခြေအနေကတော့ အရင်အတိုင်းပဲ။ ကုန်စိမ်းကလွှဲရင် ဘာမှ ပေးမသယ်သေးဘူး”
ဒါ့အပြင် လားရှိုးကနေ နမ္မတူဘက်ကိုလည်း စက်သုံးဆီနဲ့ဆန် သယ်ဆောင်ခွင့်ကို ကိုးကန့်တပ်က ဆက်လက် ပိတ်ထားဆဲ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ် ကိုးကန့်တပ်က တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်ဖြုတ်ရာကနေ နှစ်ဖက်တပ် ထိုးကြိတ်မှု ဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်ထိ ပြေလည်မှု မရသေးပါဘူး။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ နှစ်ဖက်တပ် ဖြစ်ပွားနေတဲ့ စစ်ရေး တင်းမာမှုတွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC ထံ ပန်ကြားထားသလို ကိုးကန့်တပ်နဲ့ တွေ့ဆုံဖို့ကိုလည်း ကြိုးစားနေတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။