ရွှေဖီမြေ၊ မတ်လ ၄ ရက်
မြန်မာနိုင်ငံအတွက် စက်သုံးဆီ ရက် ၄၀ စာ ကျန်ရှိနေသေးတာကြောင့် စက်သုံးဆီ ပြတ်လပ်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားထားတဲ့ အသံဖိုင်ကို စစ်ကောင်စီရဲ့ လက်အောက်ခံမီဒီယာဖြစ်တဲ့ People မီဒီယာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဓာတ်ဆီနဲ့ဒီဇယ် သုံးစွဲမှုဟာ တစ်ရက်ကို ၃.၂ သန်းခန့်ရှိပြီး လက်ရှိမှာ ဓာတ်ဆီ ဂါလံပေါင်း သန်း ၆၀ နဲ့ ဒီဇယ် ဂါလံ သန်း ၇၀ နီးပါး သိုလှောင်ထားပြီး ဆိပ်ကမ်းမှာလည်း ဆီ မချရသေးတဲ့ သင်္ဘော ၂ စီး ဆိုက်ကပ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝယ်ယူထားပြီး မြန်မာနိုင်ငံကို မရောက်လာသေးတဲ့ စက်သုံးဆီတင်သင်္ဘော ၁၄ စီးရှိပြီး မကြာခင်ရက်ပိုင်းအတွင်း ဆိုက်ကပ်လာနိုင်မယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီတွေဟာ ရေနံချက်စက်ရုံရှိတဲ့ စင်္ကာပူနဲ့ မလေးရှားနိုင်ငံကနေ အဓိက ဝယ်ယူနေတာကြောင့် စက်သုံးဆီ ပြတ်လပ်သွားမှာ မဟုတ်ဘဲ နိုင်ငံတကာ ဈေးနှုန်းအလိုက် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရှမ်းမြောက်ထဲ စစ်တပ် ထိန်းချုပ်ထားတဲ့ မူဆယ်၊ လားရှိုးနဲ့ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်မှာ ဓာတ်ဆီဆိုင်အားလုံး ပိတ်လိုက်ပြီး ဝယ်ယူလို့ မရတော့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။