ရွှေဖီမြေ၊ မတ်လ ၄ ရက်၊ တာချီလိတ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုမှာ ကျားဖြန့်လုပ်နေတဲ့ နိုင်ငံခြားသား ၄၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ မတ်လ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဟိုတယ်ကို မနေ့ မတ်လ ၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေထဲ တရုတ်နိုင်ငံသား ၂၉၇ ဦး၊ မလေးရှားနိုင်ငံသား ၃၈ ဦး၊ ဗီယက်နမ်နိုင်ငံသား ၅၇ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦးအပါအဝင် စုစုပေါင်း ၃၉၃ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေကို စိစစ်ပြီးသွားရင် သက်ဆိုင်ရာ နိုင်ငံဘက် လွှဲပြောင်းပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ရှမ်းမြောက် မူဆယ်၊ တန့်ယန်း၊ မိုင်းရယ်၊ သီပေါနဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့အပါအဝင် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ကျားဖြန့် လုပ်ကိုင်သူတွေကို လိုက်လံ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်မှာလည်း မိုင်းရယ်မြို့နယ် မိုင်းဟကျေးရွာအနီးရှိ ကျားဖြန့်ရုံကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၂၁ ဦးနဲ့ တရုတ်နိုင်ငံသူ ၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။