သုတ၊ မတ်လ ၃ ရက်၊ ကွတ်ခိုင်
ညီနောင်မဟာမိတ်တပ်ဖြစ်တဲ့ ကိုးကန့်တပ်မတော်- MNDAA နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေး တင်းမာမှု ပြေလည်မှု မရသေးဘူးလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲ နှစ်ဖက်တပ် စစ်ရေး တင်းမာနေပြီး မနေ့ မတ်လ ၂ ရက်က ကွတ်ခိုင်မြို့အနီးရှိ နမ့်ဟူးကြီးကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“နမ့်ဟူးကြီးနဲ့ လွယ်ကန်ရွာကြားမှာ ဖြစ်တာ။ ကိုးကန့်ဘက်က သေနတ် အရင်စဖောက်လိုက်တာ”
TNLA နဲ့ MNDAA အကြား ဖြစ်ပွားနေတဲ့ မြေပြင်စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖြေရှင်းနေတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ နှစ်ဖက်တပ်ဘက်က တရားဝင် သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့အထွက် တိုးဂိတ်နဲ့ လားရှိုးမြို့နယ် အီနိုင်းရွာရှိ MNDAA ရဲ့ဂိတ်မှာ TNLA ထိန်းချုပ်ဒေသဘက် ကုန်ပစ္စည်းတချို့ ပြန်လည် သယ်ယူခွင့် ပြုပေမဲ့ စက်သုံးဆီနဲ့ ဆန်တွေကိုတော့ သယ်ယူခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သိန္နီက လူတွေက ကွတ်ခိုင်ဘက်ကို ကုန်စိမ်း သွားရောင်းတယ်လေ။ ဆန်နဲ့ တခြားကုန်ပစ္စည်းတွေ မရသေးဘူး” လို့ ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ် MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်လံ ဖြုတ်ရာကနေ နှစ်ဖက်တပ် ထိုးကြိတ်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။