ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၃ ရက်
ဒီနေ့မှာ ကျရောက်တဲ့ ကဗျာဆရာ ကေဇဝင်း ကျဆုံးခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ရှမ်းမြောက် ဗလကသက ဦးဆောင်ပြီး ရှမ်းမြောက်ထဲက နေရာတစ်ခုမှာ ကျင်းပခဲ့တယ်လို့ ကဗျာဆရာတွေဆီက သိရပါတယ်။
ဒီအခမ်းအနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပေးပို့တဲ့ သဝဏ်လွှာတချို့ ဖတ်ကြားတာ၊ ကဗျာဆရာ ကေဇဝင်းနဲ့ပတ်သက်တဲ့ အမှတ်တရစကား ပြောကြားတာနဲ့ တက်ရောက်လာကြတဲ့ ကဗျာဆရာတွေ ကဗျာ ရွတ်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
“ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ကဗျာဆရာတစ်ယောက် မြင့်မြတ်စွာ ကျဆုံးသွားတယ်ပေါ့။ သူအသက်ပေးပြီးတော့ တော်လှန်ခဲ့တယ်ပေါ့။ သူ့အတွက် ဂုဏ်ပြုတာကော သတိရခြင်း အောက်မေ့ဖွယ် အခမ်းအနားပေါ့” လို့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂရဲ့ ဒုဥက္ကဌဖြစ်တဲ့ ကဗျာဆရာ ကိုငြိမ်းချမ်း(တံတားဦး)က ပြောပါတယ်။
အောက်မေ့ဖွယ် အခမ်းအနားကို လွတ်မြောက်နယ်မြေရောက် ကဗျာဆရာအပါအဝင် လူဦးရေ ၄၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကဗျာဆရာ ကိုကေဇဝင်းခေါ် ချမ်းသာဆွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်မှာ မုံရွာမြို့ ပြည်ထောင်စုလမ်း ဘုရားနီအနီး ဆန္ဒပြလူအုပ်စုကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့ရာ ၎င်းရဲ့ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။