ရဲမာန်၊ မတ်လ ၁ ရက်၊ မင်းတုန်း
မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး၊ ရော့ကတ် အသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မတ်လ ၁ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ပြောင်းရွာအနီးက ကုန်သွယ်ရေးကားတွေ ရပ်နားရာနေရာကို ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ရခိုင်က ကုန်သည်တွေ တော်တော်ပါသွားတယ်။ အဲမှာ ကုန်စည်တွေ သယ်လာတဲ့ကားတွေ နားနေတာ။ ဟိုဘက်က သယ်လာတဲ့ကားနဲ့ ဒီဘက်က သယ်လားတဲ့ကားတွေ တစ်စီးနဲ့တစ်စီး ချိန်းပြောင်းနေတဲ့အချိန် ဗုံး ၈ လုံးနဲ့ ကြဲချသွားတာ။ အစောပိုင်း သိရတာတော့ ၂၁ ဦး သေတယ်။ အခု သေဆုံးသူ ၃၀ ဦးအထိ ရှိသွားပြီ။ အဓိကတော့ စစ်ကောင်စီတပ်က ကျနော်တို့ ရခိုင်ပြည်သူတွေကို ဖြတ် ၄ ဖြတ် မကပါဘူး ၆ ဖြတ်လောက် ဖြတ်ထားပါတယ်။ အခုဟာက ကုန်စည် ဖြတ်တောက်တဲ့အဆင့် မဟုတ်ဘူး ကုန်စည် သယ်ယူပို့ဆောင်တဲ့သူတွေကိုပါ သူက လုံးဝကို ရန်သူအဖြစ် အပြတ်ချေမှုန်းသွားတဲ့သဘောပါ”
ဗုံးကြဲတိုက်ခိုက်မှုကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ပေါင် ၂၀၀၊ ၃၀၀ ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ရော့ကတ် ဒုံးကျည်တွေကိုပါ အဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ NUG Representative Office- Norway က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး အပျက်အစီးကြားကနေ ရုပ်အလောင်းတွေကို ထပ်မံ တွေ့ရှိနိုင်တာကြောင့် သေဆုံးသူအရေအတွက် များလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာက အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမှု ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။