ပို့လဘား၊ ဖေဖော်ဝါရီ ၂၈ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့မှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA တပ်သား အယောင်ဆောင်ပြီး ရွှေ လုယက်ထွက်ပြေးသွားခဲ့တဲ့ အမျိုးသားတစ်ဦးကို UWSA က ဖမ်းဆီးရမိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က တန့်ယန်းမြို့ ရပ်ကွက်(၄)မှာရှိတဲ့ ရွှေဆိုင်တစ်ခုမှာ လုယက်သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၃ နာရီခွဲမှာ ပြန်ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။
“သူက ဝ ယူနီဖောင်းတံဆိပ်ပါတဲ့ အဝတ်အစားကို ဝတ်ပြီး “ဝ”စစ်သားလိုလို၊ “ဝ”ပြည်သူ့စစ်လိုလိုနဲ့ ရွှေဆိုင်တစ်ခုကို ရွှေသွားဝယ်တဲ့ပုံစံနဲ့ သွားတယ်။ ဆိုင်ရှင်မသိတဲ့အချိန်မှာပဲ ခိုးယူပြီး ထွက်ပြေးသွားတာပေါ့နော်။ ရွှေနားကပ် ၃ စုံ ပါသွားတယ်။ ခိုးသွားတဲ့ ရွှေနားကပ် ၃ စုံကိုလည်း ပိုင်ရှင်လက်ထဲ ပြန်အပ်ပေးတယ်။ “ဝ”စစ်သားတွေက သူနေတဲ့ရွာအထိ သူ့ကို သွားဖမ်းတယ်။ သူက ဆွံ့အနားမကြားသူ ဖြစ်နေတယ်”
လုယက်ထွက်ပြေးသွားတဲ့ အမျိုးသားဟာ တန့်ယန်းမြို့ ဘာဖန်ရွာမှာ နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း တန့်ယန်းမြို့မှာ UWSA နာမည်နဲ့ ဓားပြ တိုက်နေတဲ့ သူခိုးဂိုဏ်း ၁၇ ဦးကိုလည်း “ဝ”ရဲ့ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
တန့်ယန်းမြို့နယ်မှာ စစ်ကောင်စီတပ်အပြင် SSPP တပ်နဲ့ UWSA တို့လည်း သွားလာလှုပ်ရှားတဲ့နေရာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။