ဓာတ်ပုံ- UBN, The Kokang

ဆဏ်းမောင် (ကွတ်ခိုင်)

အိုဘယ့်

ရှုလှည့်ပါ တောင်သုံးဆယ်

အမှောင်ဆုံးရယ် ရှိလေမလား

တွေးရင်း ရတက်ပွား။

တောင်သုံးဆယ်ဟု ဆိုလိုက်လျှင် “လွိုင်ဆမ်ဆစ်” ကို ပြေးမြင်ယောင်ကြပေမည်။ ရှမ်းဘာသာစကားဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပြီး လွိုင်ဆမ်ဆစ်တောင်နှင့် ကွတ်ခိုင်မြို့သည် ယှဉ်တွဲသိရှိကြမည့် အထင်ကရ ဝိသေသ ဖြစ်သည်။

လွိုင်ဆမ်ဆစ်တောင်သည် ပြန့်ပြူးသော ကွတ်ခိုင်လွင်ပြင်တွင် ထီးထီးမားမား ငွားငွားစွင့်စွင့် ရှုမောတင့်တယ်ဖွယ် ကောင်းလှပေသည်။ ထိုလွင်ပြင်မှ မြွေလိမ်မြွေကောက် လမ်းဖြင့် ဆင်းသွားသော် သိန္နီလွင်ပြင်သို့ ဆိုက်ရောက်မည်ဖြစ်သည်။

ပထဝီ မြေအနေအထားအရ တောင်ပေါ်မှ စီးဆင်းလာသော တောင်ကျချောင်းများသည် အနိမ့်ပိုင်း လွင်ပြင်တွင် ရေတင်ကျန်နေသကဲ့သို့ မြေဆီမြေနှစ်များသည် စိုက်ပျိုးရေး၌ အလွန်ဖြစ်ထွန်းလှသည်။ ထို့ကြောင့် ရှေးပဝေသဏီကတည်းက သိန္နီမြို့သည် စိုက်ပျိုးရေးကိုသာ အခြေချလုပ်ကိုင်နေထိုင်လာခဲ့ကြသည်။

ကွတ်ခိုင်မြို့နှင့် သိန္နီမြို့သည် မန္တလေး-မူဆယ်သို့သွားသည့် ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ တည်ရှိသော မြို့ဖြစ်သည်။ သိန္နီ-ကွတ်ခိုင် ၁၆ မိုင်သာ ကွာဝေးသည်။ ကွတ်ခိုင်မြို့သည် မြေဆီမြေနှစ် သဘောသဘာဝအရ စိုက်ပျိုးရေး မဖြစ်ထွန်းပေ။

ထို့ကြောင့် စိုက်ပျိုးရေး ဖြစ်ထွန်းသော သိန္နီမြို့မှ ဆန် အစပြုသော အခြား ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို အားကိုးတည်မှီနေရသည်။ ရှေးယခင်ကတည်းက သိန္နီမြို့မှ ကွတ်ခိုင်မြို့သို့ ဈေးနေ့(တစ်ပတ် ၅ ရက်)အလေ့ကျ စားသောက်ကုန်များကို ရောင်းဝယ်ဖောက်ကားလာခဲ့ကြသည်။

“ချဉ်ပေါင်ရွက်တစ်စီး နှစ်ထောင်တဲ့၊ ဈေးထဲမှာ ဘာအသီးအရွက်မှ ရှာမတွေ့ဘူး။ သိန္နီဈေးသည်တွေလည်း တက်မလာနိုင်တော့ဘူး “

ကွတ်ခိုင်မြို့ ပန်းခြံဈေးအတွင်းမှ အိမ်ရှင်မတစ်ဦး၏ ငြီးတွားသံဖြစ်သည်။ သိန္နီမြို့ဘက်က ဆန် အဝင် ပိတ်ထားသဖြင့် ဆန်ဈေးကလည်း အဆမတန် တက်ပေအုံးမတဲ့။ စားသောက်ကုန်စည်ကားများကိုလည်း ပိတ်ပင်တားဆီးမှုများ ရှိနေသည်ဆိုတော့ ကုန်ဈေးနှုန်းကလည်း အဖက်ဖက် ဈေးတက်သွားဦးမည်သာ။

ရင်လေးစရာ ဒေသခံတွေ၏ တစ်နေ့တာ ဖြတ်သန်းနေထိုင်စားသောက်မှု လူမှုဘဝ။

ဤသို့သော လူထု ခံစားထိတွေ့နေရသော ပြသာနာ၏ အရင်းမြစ်ကြီးတစ်ခုမှာ

အများသိရှိထားပြီးသည့်အတိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ စုဖွဲ့ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးကြီးနှင့်အတူ ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ကိုပါ သိမ်းပိုက်ရရှိခဲ့သည်။ ကွတ်ခိုင်မြို့သည် TNLA က သိမ်းယူသကဲ့သို့ သိန္နီမြို့ကို MNDAA က သိမ်းပိုက်နိုင်ခဲ့သည်။

မဟာမိတ်တို့၏ ကူးလူးဆက်ဆံမှုအရ MNDAA သည်လည်း ကွတ်ခိုင်မြို့ကို ပူးတွဲအုပ်ချုပ်ခွင့် ရရှိခဲ့ကြသည်။ MNDAA အနေဖြင့် ကွတ်ခိုင်မြို့ကို အထူးဒေသ(၁) အုပ်ချုပ်ရေးမြို့နယ်တွင် သွပ်သွင်းထားခဲ့ခြင်းနှင့် မြို့ကို သိမ်းပိုက်ထားသည်ဟုဆိုသော TNLA တို့ကြား တချိန်ချိန်တွင် ပြဿနာ ဖြစ်ပွားလာမည်ကို ဒေသခံ မြို့သူမြို့သားများအားလုံး ရိပ်စားသုံးသပ်မိခဲ့ကြသည်။

သို့သော်လည်း မြေပြင်အခြေအနေအရ ပြည်သူ့ရေးရာ ကဏ္ဍများနှင့်တကွ အခြားသော တရားဥပဒေစိုးမိုးရေးကဏ္ဍများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် မြို့နေ လူထုများအနေဖြင့် တဒင်္ဂ စိတ်အေးခဲ့ကြသည်။

TNLA နှင့် MNDAA တို့အကြား ကွတ်ခိုင်မြို့ပေါ်တွင် ငလျင်ဘေးကို အလှူခံခြင်းကိစ္စရပ်တွင် ထိပ်တိုက် ပွတ်တိုက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။ ညှိနှိုင်းဆွေးနွေးပြေလည်ခဲ့ကြသော်လည်း အက်ကြောင်းတစ်ခုအဖြစ် ကိုယ်စီ ရှိနေခဲ့ကြသည်။

ယခုလ ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သော မဟာမိတ်အချင်းချင်း အပြန်အလှန် မကျေလည်မှုသည် စေ့စပ်ညှိနှိုင်းမှု ခက်ခဲနေဆဲ ဖြစ်သည်။ ဖြစ်စဉ်များကိုလည်း မီဒီယာအသီးသီးမှ တင်ပြဖော်ပြပြီးဖြစ်ရာ စာဖတ်သူတို့ သိရှိနေပြီး ဖြစ်သည်။ မဟာမိတ်အချင်းချင်းကြား ဖြစ်ပွားခဲ့သော ပြဿနာအရပ်ရပ်သည် ဒေသခံများ ဖန်တီးခဲ့သည် မဟုတ်တာတော့ သေချာသည်။

သည်ထက် ပိုသေချာသည်မှာ မဟာမိတ်နှစ်ဖွဲ့ကြား မကျေလည်မှု၊ စစ်ရေး တင်းမာမှုသည် လူထုများက တိုက်ရိုက်ထိတွေ့ခံစားနေရသည်တော့ မြေကြီးလက်ခတ်မလွှဲပါ။

မြို့တစ်မြို့ကထွက်သည့် ကုန်စည်ကို အခြားမြို့သို့ ပို့ဆောင်ရန် တားမြစ်ခြင်းသည် စစ်ရေးအရ ရိက္ခာ ဖြတ်တောက်ခြင်းဖြစ်သည်။ လူမျိုးပေါင်းစုံ တည်မှီနေထိုင်ကြသော ပြည်သူများအတွက် စစ်ရေးပစ်မှတ်သဖွယ် ရောသောပါဝင်စေတော့သည်။ မိမိတို့ ပိုင်နက်အလိုက် အခွင့်အာဏာကိုယ်စီဖြင့် ပညာကိုယ်စီ ပြကြရာတွင် အရပ်သားများပါ ရောထွေး ဒုက္ခရောက်ရလေတော့သည်။

ပြည်သူသည် သနားစရာ ကောင်းလှသည်။ မဟာမိတ်နှစ်ဖွဲ့အနေဖြင့် ပြည်သူ့ဘက်၌ အပြန်အလှန် ငဲ့ကွက်ဖို့ လိုအပ်သည်။ နိုင်ငံရေးအရ အတင်းအကြပ် ဖိအားပေး၍လည်းကောင်း၊ စစ်ရေးအရ တရစပ် ထိုးစစ်ဝင်လာ၍လည်းကောင်း စကစ ပြန်ဝင်ရောက်လာလျှင် ဒေသခံ ပြည်သူတွေသာလျှင် အငြိုးအတေးဖွဲ့ နှိပ်ကွပ်ခြင်း ခံရပြန်သည်။ (နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်)ဖြစ်စဉ်များက သာဓက ဖြစ်သည်။

ရန်သူကို ပြတ်ပြတ်ထင်ထင် မမြင်ဘဲ ဓားဦးသည် အချင်းချင်း ပြန်ထိုးဖို့ဆိုလျှင် ဝမ်းနည်းစရာ ကောင်းလှသည်။ လမ်းပန်းဆက်သွယ်ရေး၌လည်း လူမျိုးရေးကို ဦးတည်၍ စစ်ဆေးမေးမြန်း အသွားအလာ ကန့်သတ်လာကြသည်။ တစ်မြို့နှင့်တစ်မြို့ ကုန်စည် စီးဆင်းမှု ဖြတ်တောက်ကြသည်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ဒေသခံတို့၏ အခက်အခဲ၊ အကျပ်အတည်း ဒုက္ခအရပ်ရပ်ကို မျှော်မြင်တွေးခေါ်မှု အားနည်းလာသည်။ ညီနောင်မဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေးကို ပြည်သူများက မြင်သာအောင် လက်သီးလက်မောင်းတန်းပြီး အားမပေးခဲ့ကြသော်လည်း စိတ်ထဲ၌ နှစ်ထောင်းအားရ ကျေနပ်ခဲ့ကြသည်။

ထင်ထင်ပေါ်ပေါ် အားပေးသည့် ပြည်သူများအား အကြောင်းတစုံတရာနှင့် စကစအနေဖြင့် တကျော့ပြန် ဝင်ရောက်လာသည်ရှိသော် (အကြမ်းဖက် အားပေး၊ သူပုန် အားမြှောက်)ဟု စွပ်စွဲပစ်မှတ်ထားကာ နှိပ်ကွပ်ခြင်း ခံရသည်။ မည်သူမျှ မမြင်ကြသည့် ပြည်သူ့ဒုက္ခဖြစ်သည်။ သည်လို ပြည်သူတွေအတွက် စာနာနားလည် ငဲ့ညှာပေးရပါမည်။

ကွတ်ခိုင်မြို့သည် အင်အားယှဉ်ပြိုင်တော့မည့် ကျွဲနှစ်ကောင်၏ ခတ်ကွင်းမြေ ဖြစ်လာမည်လော ပြည်သူများအနေဖြင့် တွေးတောပူပန်သောက ရောက်နေပေပြီ။ နှစ်ဘက်အပြန်အလှန် စစ်ရေး တင်းမာမှု၊ ရိက္ခာဖြတ်တောက်မှုကြား၌ လက်ငင်းတွင် စိတ်ထောင်းကိုယ်ကြေ ဖြစ်ရသည်မှာ ကြားခံ ပြည်သူများပင် ဖြစ်သည်။ နှစ်ဘက်ပြေလည် ညှိနှိုင်းမှုသည်သာ ပြည်သူတွေ မျှော်လင့်ရှာသည်။

မမျှော်လင့်သည့်အရာတွေလည်း ပြည်သူတွေခမျာ ရင်စီးခံရပြန်သည်။ ဒါသည် ပြည်သူ့အသံများ ဖြစ်သည်။ နှစ်ဘက် မဟာမိတ်အဖွဲ့များအနေဖြင့် ပြည်သူဒုက္ခရောက်စေမယ့် နည်းလမ်းကို သွေးဖယ်ပြီး အကောင်းဆုံး အဖြေရှာပြီး သင့်မြတ်ဖို့အရေး မျှော်တွေးရေးသားလိုက်ပါသည်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။