ရဲမာန်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ယိုးငူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြေပြင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“လောလောဆယ် ကြားရတာတော့ ဈေးဆိုင်တချို့နဲ့ အရပ်သားနေအိမ်တချို့ မီးလောင်ပြီးတော့ လူ ၈ ဦး သေဆုံးတယ်လို့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး။ စစ်ဘေးရှောင်အများအပြားနေတာဆိုတော့ လူထိခိုက်သေဆုံးမှုက များနိုင်တယ်”
ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ သေချာမသိရသေးပဲ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က သံတွဲမြို့ အမှတ် (၃) ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီမှာလည်း စစ်ကောင်စီတပ်က သံတွဲမြို့နယ် ငပလီမြို့ လင်းသာရပ်ကွက်နဲ့ ကျင်းကန်ကြီးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။