သတင်းဓာတ်ပုံ
လွေးဇွန်မိုး၊ မိုင်းအရှိုင်း၊ ဖေဖော်ဝါရီ ၂၂ ရက်
တအာင်းဥပဒေ အကယ်ဒမီကျောင်း- Ta’ang Law Academy ရဲ့ အပတ်စဉ် ၂ ကျောင်းဆင်းပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် တအာင်းဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီကျောင်းကို တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့- Ta’ang Legal Aid Foundation က ဦးဆောင်ဖွင့်လှစ်တာဖြစ်ပြီး တအာင်းဒေသရှိ မြို့နယ်အသီးသီးက ကျောင်းသူကျောင်းသား ၄၆ ဦးနဲ့ ကယန်းကျောင်းသူ ကျောင်းသား ၄ ဦး တက်ရောက်အောင်မြင်ခဲ့ပါတယ်။
အပတ်စဉ် ၂ ကျောင်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂ နှစ်ကြာ တက်ရောက်ပြီးနောက် ကျောင်းသူကျောင်းသားတွေကို ဥပဒေဒီပလိုမာဘွဲ့- Diploma in Law ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။
၂ နှစ်တာအတွင်း ဥပဒေ၊ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ တစ်ဦးချင်းရဲ့ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာဘာသာရပ်အပြင် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ တအာင်းရုံးသုံးစာနဲ့ အခြေခံဂီတ အနုပညာဆိုင်ရာဘာသာရပ်တွေကို သင်ကြားပေးခဲ့ပါတယ်။
ကျောင်းပြီးသွားတဲ့ ကျောင်းသူကျောင်းသားတွေဟာ တအာင်းဒေသအတွင်း တရားဥပဒေ စိုးမိုးရေးအတွက် တရားရုံးတွေမှာ ရှေ့နေအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။
ကျောင်းဆင်းပွဲကို တအာင်းပြည်ကောင်စီ- TLC ရဲ့ ဒုဥက္ကဌ(၁) ဒီဒီမိုးခမ်း၊ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူ၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းနဲ့ ရှမ်း၊ ဂေါ်ရခါး၊ တအာင်း၊ မုန်းဝန်း စတဲ့တိုင်းရင်းသားစာပေယဉ်ကျေးမှုအပြင် ကျောင်းသူကျောင်းသားမိဘ စုစုပေါင်း လူ ၄၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
အပတ်စဉ် ၁ တအာင်းဥပဒေအကယ်ဒမီကျောင်းဆင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်က နမ့်ဆန်မြို့နယ်ထဲ ပြုလုပ်ခဲ့ပြီး ကျောင်းသူကျောင်းသား ၃၃ ဦး တက်ရောက်အောင်မြင်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။