ဓာတ်ပုံ – Local

By သုတ၊ ရွှေဖီမြေ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ပေါ်က စတင်ခဲ့တဲ့ တအာင်းတပ်နဲ့ ကိုးကန့်တပ်- MNDAA အကြား စစ်ရေးတင်းမာမှုဟာ တစ်ပတ်ကျော်ကြာတဲ့အထိ ပြေလည်မှုမရသေးပါဘူး။

နှစ်ဖက်တပ်အကြား ဖြစ်ပွားခဲ့တဲ့ စစ်ရေးတင်းမာမှုအတွင်း အပြန်အလှန် ရိုက်နှက်မှုတွေကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာရှိသလို အပြန်အလှန် ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်တွေဟာ တပ်အချင်းချင်းဖြစ်ပွားတဲ့ ပြဿနာသာဖြစ်ပြီး နှစ်ဖက်တပ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် လူထုတွေကို ပစ်မှတ်ထားတဲ့ လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာတဲ့ ကိစ္စရပ်တွေလည်း တွေ့လာရပါတယ်။

ညီနောင်မဟာမိတ် ၂ ဖွဲ့ရဲ့ စစ်ရေးတင်းမာမှုကနေ နှစ်ဖက်လူမျိုးတွေကို ပစ်မှတ်ထားလာတဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက် တအာင်းလူမျိုးတွေကို ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားပြီး ဒီနေ့အချိန်အထိ ပြန်ဖွင့်ပေးတာ မရှိသေးပါဘူး။

ဒါကြောင့် ခရီးသွားတွေအတွက် အခက်အခဲဖြစ်နေပြီး လက်နက်ကိုင်တပ်အချင်းချင်းကြား ဖြစ်တဲ့ ပြဿနာတွေကို လူမျိုးရေးပစ်မှတ်ထားပြီး ပိတ်ဆို့ကန့်သတ်မှုတွေ မလုပ်သင့်ဘူးလို့ မူဆယ်-လားရှိုး လမ်းပိုင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“စစ်သားချင်းဖြစ်တဲ့ ပြဿနာကို လူမျိုးရေးပဋိပက္ခအဖြစ် မလုပ်သင့်ဘူး။ တအာင်းလူမျိုးတိုင်းလည်း တအာင်းစစ်သား မဟုတ်ဘူးလေ။ အခုက သိန္နီအဝင် ရေပူဂိတ်၊ သိန္နီတိုးဂိတ်၊ သိန္နီနဲ့ ကွတ်ခိုင်ကြား မန်ပြိန်းရွာ နတ်ဆင်မှာ ကိုးကန့်တပ်က စောင့်ပြီးတော့မှ စစ်တာ။ တအာင်းဆိုရင် ပေးမဖြတ်ဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငေါ့ငကျေးရွာ စစ်ရေးတင်းမာမှုဖြစ်စဉ်မှာ ငေါ့ငရွာခံ ၁၀ ဦးကို MNDAA ဘက်က သံဆူးထည့်ထားတဲ့ တုတ်ချောင်းတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ MNDAA ထိန်းချုပ်တဲ့ သိန္နီအစပ်မှာရှိတဲ့ အုမ္မလီကျေးရွာက တအာင်းပြည်ပညာရေးကောင်စီ- TLEC က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ဆိုင်းဘုတ်နဲ့ တအာင်းအမျိုးသားအလံကို ကိုးကန့်တပ်ဘက်က ဖေဖော်ဝါရီ ၁၉ ရက်မှာ လာရောက်ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် သိန္နီမြို့မှာထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ကိုးကန့်တပ်ဘက်က ကွတ်ခိုင်မြို့ဘက်ကို တင်ပို့ခွင့် ပိတ်ထားတာကြောင့် ကွတ်ခိုင်မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်စျေးတွေ မြင့်တက်နေတယ်လို့ ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သိန္နီက ထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ကွတ်ခိုင်ဘက် အဓိကပို့တာလေ။ အခုက ကိုးကန့်ဘက်က ပေးမပို့တော့ဘူး။ ကွတ်ခိုင်မှာ ဟင်းသီးဟင်းရွက်စျေးတွေ ကြီးလာတယ်”

တအာင်းတပ်ဘက်ကလည်း ကွတ်ခိုင်-တာမိုးညဲ လမ်းပိုင်းမှာ ကိုးကန့်လူမျိုးတွေကို ပစ်မှတ်ထား စစ်ဆေးတာ၊ ဖြတ်သန်းသွားလာခွင့် မပေးတာတွေ ရှိနေတယ်လို့ ကွတ်ခိုင်မြို့ခံတွေက ပြောပါတယ်။

“စစ်သားအချင်းချင်း ပဋိပက္ခဖြစ်တာကို ပြည်သူလူထုကိုပါ ဆွဲထည့်တာက တကယ်တော့ စစ်ကောင်စီရဲ့ နည်းစနစ်တွေဖြစ်တယ်။ ဒါကြောင့် လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခတွေ ဒီထက်မကြီးထွားအောင် MNDAA ရော TNLA ရော နှစ်ဖက်လုံးက ဂရုစိုက်ရမယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ်” လို့ တအာင်းလူငယ်တစ်ဦးက တိုက်တွန်းထားပါတယ်။

ကွတ်ခိုင်မြို့ပေါ်ကနေစတဲ့ ညီနောင်မဟာမိတ် ၂ ဖွဲ့ရဲ့ စစ်ရေးတင်းမာမှု လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့မှာ PSLF/TNLA က ၎င်းတို့ရဲ့ အုပ်ချုပ်ရေးနဲ့ လည်ပတ်နေတဲ့မြို့ဖြစ်ပြီး ကိုးကန့်တပ်ဘက်ကလည်း မြို့တွင်းမှာ ဝင်ရောက်တပ်စွဲထားပါတယ်။

ဒါပေမယ့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်ကို MNDAA ဘက်က CCTV တွေ လိုက်လံတပ်ဆင်နေပြီး အဲဒီလို မလုပ်ဆောင်ဖို့ တအာင်းတပ်ဘက်က ပြောကြားခဲ့ပေမယ့် MNDAA ဘက်က လက်ခံခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာတော့ မြို့တွင်းမှာရှိတဲ့ MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို TNLA ဘက်က လိုက်လံ ဖြုတ်သိမ်းခဲ့ရာ ကိုးကန့်တပ်ဘက်ကို မြို့တွင်းကနေ ထွက်ခွာဖို့ ပြောရာကနေ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် စစ်ရေးတင်းမာမှုအတွင်း နှစ်ဖက်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတချို့ရှိပြီး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“ကိုးကန့်တွေက မြို့ရဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ CCTV လိုက်ထောင်တာ။ သူများအုပ်ချုပ်တဲ့ မြို့မှာ အုပ်ချုပ်ရေးယှဉ်ပြိုင်တဲ့ ပုံစံမျိုးကြောင့် ပြဿနာ စဖြစ်တာ” လို့ ကွတ်ခိုင်မြို့ပေါ်ရှိ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မြို့ပေါ်ကနေ စတဲ့ ညီနောင်မဟာမိတ် ၂ ဖွဲ့ရဲ့ စစ်ရေးတင်းမာမှုဟာ ကွတ်ခိုင်မြို့ပြင်ရှိ နေရာတွေဖြစ်တဲ့ ကာလိုင်၊ နမ့်ဖတ်ကာ၊ ကောင်းခါး၊ ငေါ့ငကျေးရွာတွေအပြင် သိန္နီမြို့နယ်ထဲက မိုင်းပါးကျေးရွာအထိ ကျယ်ပြန့်လာခဲ့ပါတယ်။

ဒီနေ့အချိန်အထိ ကွတ်ခိုင်မြို့နယ်ထဲမှာ နှစ်ဖက်တပ်တွေ စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေပြီး တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

နှစ်ဖက်တပ်တွေ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC ကို စာပို့ထားတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောပါတယ်။

TNLA နဲ့ MNDAA ဟာ “ဝ” တပ်ဖွဲ့- UWSA ဦးဆောင်တဲ့ FPNCC ရဲ့ အဖွဲ့ဝင်တွေဖြစ်သလို ညီနောင်မဟာမိတ်တပ်တွေလည်း ဖြစ်ကြပါတယ်။

ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးကတော့ TNLA နဲ့ MNDAA နယ်မြေအငြင်းပွားမှု ဖြစ်တာဟာ စစ်ကောင်စီကိုပဲ အကြိုက်တွေ့စေပြီး နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ဒေသခံတွေက ပြေလည်စေချင်တယ်။ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေရတယ်။ စစ်ကောင်စီနဲ့ ဖြစ်ရင်တော့ တစ်မျိုးပေါ့။ အခုက အချင်းချင်းဖြစ်တာတော့ ဘယ်ပြည်သူမှ မလိုလားဘူး” လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။