သုတ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ နမ့်ခမ်း
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် မန်ပူးရွာမှာ မီးဖိုကနေတစ်ဆင့် မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးမီလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ မန်ပူးရွာခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ညထမင်းစားပြီးတော့ မီးဖိုကို မီးငြိမ်းပြီး အိပ်တာ။ မီးက အကုန်မငြိမ်းလို့ အဲနေ့က လေလည်းတိုက်တော့မီးလောင်သွားတာ။ အိမ်က ၂ လုံးပါသွားတယ်။ လူအထိအခိုက်တော့ မရှိဘူး” လို့ ဆိုပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာလည်း ရှမ်းမြောက် လားရှိုးမြို့နယ် ကျယ်ခေါင်ကျေးရွာက နေအိမ် ၁ လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၂ ရက်မှာလည်း PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီးဘုန်ကြီးကျောင်းမီးလောင်မှု ဖြစ်ပွားခဲပါတယ်။
PSLF/TNLA ရဲ့ စာရင်းအရ ၂၀၂၅ ခုနှစ်အတွင်း မီးလောင်မှု ၇၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းကျော် (၁၂၉၅၀) ဆုံးရှုံးခဲ့ရတယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ခြောက်သွေ့တဲ့ရာသီရောက်လာပြီဖြစ်လို့လူထုတွေအနေနဲ့ မီးဘေးအန္တရာယ်ကို ကြိုတင်သတိထားကာကွယ်ဖို့ PSLF/TNLA က တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။