လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ကွတ်ခိုင်
တအာင်းတပ်ထိန်းချုပ်တားတဲ့ ကွတ်ခိုင်မြို့နဲ့ ကိုးကန့်တပ် ထိန်းချုပ်တဲ့ သိန္နီအစပ်က အိုမ္မလီကျေးရွာက TLEC စာသင်ကျောင်း ဆိုင်းဘုတ်နဲ့ တအာင်းအမျိုးသားအလံ ကိုးကန့်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီခွဲမှာ ကိုးကန့်တပ်က ဆိုင်ကယ် ၃စီးနဲ့ တပ်သား ၆ ဦး လာရောက် ဖျက်စီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီမတိုင်ခင်မှာ အိုမ္မလီရွာအတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့ တအာင်းပြည်ပညာရေးကောင်စီ TLEC ကျောင်းမှာ ချိတ်ဆွဲထားတဲ့ တအာင်းအမျိုးသားအလံနဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်တုန်းက MNDAA တပ်ဘက်မှ ရွာဥက္ကဌကို လာရောက်သတိပေးခဲ့ကြောင်း သိရပါတယ်။
“သူတို့ရဲ့အကြောင်းပြချက်ကတော့ အဲရွာက သူတို့ သိမ်းထားတဲ့ သိန္နီမြို့နဲ့နီးလို့ဆိုပြီး ပြောတာ။ သူတို့က အဲရွာမှာ TLEC ကို စာသင်ကျောင်းမဖွင့်စေချင်ဘူး။ သူတို့ဘက်က ဆိုင်းဘုတ်နဲ့ အမျိုးသားအလံကို လာရောက်ဖျက်ဆီးပြီးမှ သိမ်းယူသွားတာ” လို့ ပြောပါတယ်။
ဒါ့အပြင် အိုမ္မလီရွာခံဖြစ်တဲ့ အမျိုးသား ၂ ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးသွားခဲ့ပြီး အဲအမျိုးသား ၂ဦးကိုလည်း ငွေကျပ်သိန်း ၂၀ နဲ့ သွားရောက်ထုတ်ယူခဲ့ရတယ်လို့ ရွာခံတွေရဲ့ တင်ပြချက်အရ သိရပါတယ်။
အလားတူ ကိုးကန့်တပ်က အိုမ္မလီရွာက ဒေသခံတွေရဲ့ လယ်ယာမြေ ခန့်မှန်းချေ ဧက ၂၀၀ ကျော်ကို သိမ်းယူထားတာမျိုးလည်း ရှိထားတယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအပါအဝင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာနဲ့ ငေါ့ငကျေးရွာမှာ ကိုးကန့်တပ် နဲ့ တအာင်းတပ်ဖွဲ့ဝင်တို့အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်တွေ ထိုးကြိတ်ကာ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ငေါ့ငကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးတင်းမာမှုအတွင်းမှာလည်း ငေါ့ငရွာခံ ၁၀ ဦးကို MNDAA ဘက်က သံဆူးတုတ်ချောင်းနဲ့ ရိုက်နှက်ခဲ့ပါတယ်။
ရိုက်နှက်ခံရတဲ့ ဒေသခံတချို့ဟာ ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။