ရဲမာန်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ နတ်တလင်း
ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အရပ်သားနေအိမ် ၁၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ အင်အား ၁၅၀ ပါ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့က တောင်ညိုကွက်သစ်ကျေးရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်မှာပဲ စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဆိုပါတယ်။
“တောင်ညိုကွက်သစ်၊ ရွာသာယာနဲ့ ကွင်းစမ်းရွာတွေကို ရှို့ခဲ့တာပါ။ အိမ်ခြေ ၁၀၀ ကျော် ရှို့သွားတာပါ။ ကျွန်တော်တို့တွေ ဝိုင်းတိုက်လို့ ပြေးနေရတာတောင် ပြေးရင်းနဲ့ ရှို့သွားသေးတယ်” လို့ ၎င်းက ဆိုပါတယ်။
အဲဒီ ဖေဖော်ဝါရီ ၁၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးခဲ့သလို ရုပ်အလောင်းတချို့ကို ပြည်သူတွေရဲ့ နေအိမ်တွေပေါ်မှာပဲ မီးရှို့ခဲ့တာ ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
၎င်းတို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အဆိုပါစစ်ကြောင်းဟာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၆၆ ဖြစ်ပြီး လက်ရှိ နတ်တလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြားလည်း နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။