ရဲမာန်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ပြည်
ပဲခူးတိုင်း ပြည်မြို့နယ်မှာ အရပ်သားတွေအပေါ် ပေါ်တာဆွဲ ငွေညစ်တာတွေ ပြုလုပ်နေတဲ့ ပျူစောထီး ငထွန်းဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း (၂) က မနေ့ ဖေဖော်ဝါရီ ၁၆ မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၁ နာရီမှာ ပတ္တမြားတောင်ရွာအနီးက ကြက်ဝိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပြည်ခရိုင်တပ်ရင်း (၂) ရဲ့ သတင်းနဲ့ ပြန်ကြားရေး Red Star က ရွှေဖီမြေကို ပြောပါတယ်။
“ငထွန်းကို ပေါက်ခေါင်းမြို့နယ် ပတ္တမြားတောင်ရွာအနီးက ကြက်ဝိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ သူ့သားက စစ်ကောင်စီတပ် လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲလို့ သိရပါတယ်။ ငထွန်း ရုပ်အလောင်းကို ၁၂ ရက်နေ့မှာ အသုဘချတယ်။ ၁၅ ရက်မှာ ဆွမ်းသွပ်တယ်”
ပျူစောထီး(ပြည်သူ့စစ်)ငထွန်းဟာ ပြည်မြို့နယ် ဝက်ထီးကန်နယ်မြေရဲစခန်းက ရဲတွေနဲ့ ပူးပေါင်းပြီး ဒေသခံအရပ်သားတွေကို စစ်မှုထမ်း တပ်သားသစ်အဖြစ် ပေါ်တာဆွဲခြင်းနဲ့ လွှာစင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဝဏ္ဏနဲ့ ပူးပေါင်းပြီး ပေါ်တာဆွဲခံရတဲ့ အရပ်သားတွေကို အခကြေးငွေနဲ့ ပြန်လည်ထုတ်ပေးတာတွေ ပြုလုပ်နေသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီတပ်ထံ ပေးပို့ခြင်းနဲ့ ဒိုးဝိုင်း၊ လောင်းကစားဝိုင်းတွေကို ၎င်းတို့နဲ့အတူ ပြုလုပ်လေ့ရှိတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရှိရာ နေရာတွေကို အသွားအလာ မပြုလုပ်ကြဖို့ကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။