မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ မိုးကုတ်
တရုတ်အကူအညီနဲ့ စစ်ကောင်စီတပ် ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်က စစ်ကား ၃၀စီး နဲ့ စစ်အင်အားတွေ ထပ်ပို့ထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမှာ ပြင်ဦးလွင်-နောင်ချို-မိုးကုတ် လမ်းပိုင်းကနေ စစ်အင်အားတွေ ပို့လာတာဖြစ်ပြီး ခန့်မှန်းစစ်အင်အား ၃၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စစ်ကား ၃၀ နဲ့ ရောက်လာပြီ။ အင်အားတော့ ၃၀၀ ဝန်းကျင်လောက်ပါမယ်လို့ ခန့်မှန်းတယ်။ မိုးကုတ်ကို ဘယ်လောက်ချမလဲ၊ မိုးမိတ်ကို ဘယ်လောက်ချမလဲတော့ မသိသေးဘူး” လို့ ဆိုပါတယ်။
နောက်ထပ် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း “ကားကြီး အစီး ၃၀ နဲ့ ကားသေး ၁၀ စီး ဝင်လာပြီ။ မိုးကုတ်ဆေးရုံဘက်ကို ဦးတည်နေတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို ခေါ်သွင်းနေသလို စစ်အင်အားတွေလည်း ထပ်ပို့နေတာ ဖြစ်ပါတယ်။
မိုးကုတ်မြို့အနီးမှာတော့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် – TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။