ဓာတ်ပုံ- WSTV

မိုင်းရူပ၊ ဇန်နဝါရီ ၂၁ ရက်

မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၅ သောင်းကျော်ကို သက်ဆိုင်ရာ နိုင်ငံတွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဇန်နဝါရီ ၂၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်ကနေ ဒီလ ဇန်နဝါရီ ၁၃ ရက်အထိ ရှမ်းမြောက် မူဆယ်၊ လောက်ကိုင်၊ ရှမ်းအရှေ့ တာချီလိတ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့အပါအဝင် တခြားနယ်စပ်ဒေသရှိ တရားမဝင် ငွေလိမ်ဂိုဏ်းမှာ အလုပ် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား (၅၃,၃၈၈)ဦး၊ ထိုင်းနိုင်ငံသား ၆၄၈ ဦး၊ ဗီယက်နမ်နိုင်ငံသား (၁,၁၄၉)ဦးနဲ့ တခြားနိုင်ငံသားအပါအဝင် စုစုပေါင်း (၅၅,၇၁၁) ဦးကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ရွှေက္ကုလ်မြို့ KK Park ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လိုအပ်တဲ့ လျှပ်စစ်နဲ့ အင်တာနက်ကို မြန်မာနိုင်ငံကနေ ရရှိတာမဟုတ်ဘဲ တခြားတစ်ဖက်ကနေ ရရှိနေတာလို့ စစ်ကောင်စီက ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ဖော်ထုတ်အရေးယူမှု ပြုလုပ်နေပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရှမ်းမြောက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်၊ တန့်ယန်းနဲ့ မိုင်းရယ်မြို့မှာ ကျားဖြန် ငွေလိမ်လုပ်ငန်းတွေ ဆက်လက် တိုးချဲ့လာနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

“ကျားဖြန်တွေ အခုထိ ရှိနေတုန်းပဲ။ ငွေပေးပြီး လုပ်နေတယ်လို့ ကြားတယ်။ ပေါင်းလုပ်ပေါင်းစားလေ။ ဘယ်လို ဖမ်းမှာလဲ” ဆိုပြီး တန့်ယန်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နဲ့ တခြားမဟာမိတ်အဖွဲ့ဟာ လုံခြုံရေး ပေးတာနဲ့ အထောက်အကူပြုတာတွေကို တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ ကရင်အမျိုးသားအစည်းအရုံး- KNU အပါအဝင် အဖွဲ့ ၅ ဖွဲ့ပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီအင်အားစုက မနေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်နိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံအနေနဲ့ ဆက်သွယ်ရေးနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ လမ်းကြောင်း တည်ထောင်ဖို့ ဖက်ဒရယ် ဒီမိုကရေစီအင်အားစုတွေက တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။