လက်ဖက်မြေ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ နွားထိုးကြီး
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က မီးလောင်အက်ဆစ်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က နွားထိုးကြီးမြို့နယ် မြဝတီကျေးရွာက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်အကြား ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ငရဲမီး (ခေါ်) မီးလောင်အက်ဆစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်တပ်က မီးလောင်အက်ဆစ်ဗုံးလည်း မြေပြင်မှာ အသုံးပြုလာတာပေါ့နော်။ ပြီးတော့ သူတို့ စစ်ကြောင်းမထိုးနိုင်တဲ့ ကျေးရွာတွေမှာလည်း မီးလောင်အက်ဆစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူဆယ်ဂဏန်းလောက်လည်း အသက်ခံရတာတွေရှိတယ်”လို့ နွားထိုးကြီး PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာလည်း နွားထိုးကြီးမြို့နယ်ထဲက မကျီးကုန်းကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မနေ့အထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေခဲ့တာပဲ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်ကနေ မနေ့အထိ မြင်းခြံခရိုင်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်အင်အလုံးအရင်းနဲ့ စစ်ကောင်စီက စစ်ကြောင်းထိုးပြီးတော့ ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ အများကြီးဖြစ်ပွါးခဲ့တာပေါ့။ အဲဒီအတွင်းမှာ စစ်တပ်ရဲ့ စစ်ကြောင်း ၂ ကြောင်းက ပြုတ်ပြီးတော့ လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်းတချို့တွေ ဖမ်းဆီးရမိခဲ့ပါတယ်”
နွားထိုးကြီးမြို့နယ် ကူကုန်၊ ခံစပ်ကုန်း၊ ကြာကန်၊ ငှက်ပျောအိုင်၊ သာပေါင်း၊ ကဒေါင်း၊ လက်ပန်၊ ရေလည်၊ နဘဲမြစ်၊မကျည်းကုန်း၊ မြဝတီနဲ့ ကျွန်းဒေါင့်ရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံပိုင် နေအိမ် ထောင်နဲ့ချီကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေကိုလည်း မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်ရက်ဆက် ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။