ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၁ ရက်
တအာင်းပြည် ကျန်းမာရေးကောင်စီ – THC က ပထမဆုံး လက်ဖက်မြေ ဆေးကျောင်း – Tealand Medical School ဖွင့်လှစ်မှာဖြစ်ပြီး လျှောက်လွှာတွေကိုလည်း စတင်လက်ခံနေပြီလို့ ၎င်းတို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ဖက်မြေ ဆေးကျောင်းဟာ ဆေးတက္ကသိုလ် (မန္တလေး) – University of Medical (Mandalay) ၊ ယာယီ တက္ကသိုလ်ကောင်စီ – IUC (Interim University Council) နဲ့ တအာင်းပြည် ကျန်းမာရေးကောင်စီ – THC (Ta’angland Health Council) လက်အောက်ရှိ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ စုစည်းပူးပေါင်းအားနဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပါတယ်။
ဒီကျောင်းကို ဒေါ်အောင်ဆန်းစုကြည် အစိုးရ NLD လက်ထက်က တက္ကသိုလ်ဝင်တန်းပြီးထားသူတွေ၊ NUG လက်အောက်ရှိ ပညာရေးဝန်ကြီးဌာန – MOE ရဲ့ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း ပြီးမြောက်ထားသူတွေနဲ့ တအာင်းပြည် ပညာရေးကောင်စီ – TLEC ဖွင့်လှစ်ထားတဲ့ ကျောင်းကနေ ၁၂ တန်း အောင်တဲ့သူတွေက လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
လက်ဖက်မြေ ဆေးကျောင်းရဲ့ သင်တန်းကာလကတော့ ၆ နှစ်တိတိနဲ့ အလုပ်သင်ကာလ ၁ နှစ် စုစုပေါင်း ၇ နှစ် ကြာမြင့်မှာဖြစ်ပြီး ကျောင်းပြီးသွားရင် တအာင်းပြည်နဲ့ တော်လှန်ရေးဒေသတွေမှာ အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်သလို ဆေးပညာဘွဲ့ (Bachelor of Medicine, Bachelor of Surgery) M.B., B.S ပေးအပ်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။