ယာရူစိင်၊ ဖေဖော်ဝါရီ ၁၁ ရက်၊ လောက်ကိုင်
“ဝ”တပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ကနေ ကိုးကန့်တပ် ထိန်းချုပ်တဲ့ လောက်ကိုင်မြို့ဘက် ခရီးသည် သွားပို့ရင်း ခရီးသည်နှစ်ဦးရဲ့ ဓားပြတိုက် သတ်ဖြတ်တာ ခံခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ် မောင်အိုက်ရီအတွက် အမှုမှန်ပေါ်ဖို့ မျှော်လင့်နေတယ်လို့ မိသားစုဝင်ဖြစ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မောင်အိုက်ရီဟာ လားရှိုးမြို့မှာ နေထိုင်သူဖြစ်ပြီး ၎င်းသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ မိသားစုဝင်က ကိုးကန့်တပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားထားသော်လည်း ဒီနေ့အထိ ဘာမှ ထူးခြားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
“ဒီနေ့အထိ ကိုးကန့်ဘက်က အကြောင်းမပြန်သေးပါဘူး။ ကျမတို့လည်း အမြဲတမ်း စုံစမ်းဖြစ်ပါတယ်။ ကိုးကန့်တွေရဲ့ အကူအညီလိုနေတာပါ။ မိသားစုဝင်တွေလည်း အမှုမှန်ပေါ်ဖို့အတွက်ပဲ မျှော်လင့်နေတာပါ။ အသတ်ခံရတဲ့ ဒီအမှုကို ကျမတို့က ဒီတိုင်း မပြီးသွားစေချင်ဘူး။ ဒီလိုအမှုက ကြာလာလေ ပျောက်သွားလေ ဖြစ်မှာမလိုလားတာပါ” ဆိုပြီး မိသားစုဝင်တစ်ဦးက ပြောပါတယ်။
မောင်အိုက်ရီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၂၀ ရက်မှာ ပန်ဆန်းမြို့ကနေ လောက်ကိုင်ဘက်ကို ခရီးသည် သွားပို့ခဲ့ရာကနေ သတင်းအစအန မရဘဲ ပျောက်ဆုံးနေခဲ့ရာကနေ ၂၀၂၅ ခုနှစ် မေလ ၅ ရက်မှာ သတ်ဖြတ်ခံရတဲ့အလောင်းသာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
သတ်ဖြတ်ခံထားရတဲ့ မောင်အိုက်ရီရဲ့ အလောင်းကိုတော့ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားက လမ်းအကွေ့တစ်ခုမှာ ပြန်လည်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ကိုးကန့်တပ်ဖွဲ့ထံ အမှုဖွင့်တိုင်တန်းထားတာကြောင့် ကိုးကန့်တပ်ဖွဲ့တွေအနေနဲ့ ဒီအမှုအတွက် တရားမျှတမှုရဖို့ ကျူးလွန်သူ တရားခံတွေကို ဖမ်းမိနိုင်တဲ့အထိ ဆက်လက်စုံစမ်းပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။