အလင်း၊ ဖေဖော်ဝါရီ ၉ ရက်၊ တမူး
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အရက်မူးနေတဲ့ ပျူစောထီးနှစ်ဦးက မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ဝင်တိုက်မိတာကြောင့် အသက် (၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၈ ရက်က တမူးမြို့၊ နာဂဘုရားကျောင်းအနီး အာရှလမ်းမကြီးပေါ်မှာ ဆိုင်ကယ်နဲ့ မျောက်ငိုသီး သယ်ဆောင်လာတဲ့ အမျိုးသမီးကို နောက်ကနေမှ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ပျူစောထီးနှစ်ဦးက ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
“ပျူစောထီးနှစ်ဦးက ဆေးသမား အရက်သမားတွေပါ။ သောက်စားမူးရူးပြီး မဆင်ခြင် ဆိုင်ကယ် မောင်းနှင်ပြီး အခုလိုဖြစ်တာပါ။ အမျိုးသမီးက နေရာလေးမှာတင် ဆုံးသွားပါတယ်။” လို့ တမူးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဆိုင်ကယ်မောင်းနှင်သူ ပျူစောထီးတစ်ဦးကို မြို့မရဲစခန်းမှာ ဖမ်းဆီးထားသော်လည်း ထိရောက်စွာ အရေးယူခြင်း ရှိ၊ မရှိကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
တမူးဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သုံးစွဲပြီး လမ်းမပေါ်မှာ ဆိုင်ကယ်တွေ မဆင်မခြင် မောင်းနှင်လေ့ရှိတယ်လို့ သိရပါတယ်။
“ညဘက်ဆိုလည်း မူးပြီးဆိုရင် စစ်သားတွေ၊ ပျူစောထီးတွေ ဆိုင်ကယ်တွေ အသံကျယ်ကြီးနဲ့ အရှိန်ပြင်း မောင်းတယ်။ လူကလည်း အော်ဟစ်နေသေးတယ်။ တခါတလေ လူတွေကို တိုက်မိတာ၊ ဆိုင်ကယ်တွေ၊ ကားတွေ တိုက်မိတာတွေလည်း ရှိတယ်။” လို့ တမူးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အခုလို ပြစ်မှုကျူးလွန်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေကို အထက်အရာရှိတွေက အရေးယူမှု မရှိတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။