ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၉ ရက်၊ ဗန်းမောက်
ကချင်တပ် (KIA) နဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဗန်းမောက်မြို့ကို ပြန်လည်ရယူဖို့ ၄ လကြာ တိုက်ခိုက်ခဲ့ရပြီး ဖေဖော်ဝါရီ ၄ ရက်မှာတော့ ဗန်းမောက်မြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်ကစပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ပင်ဟင်းခါး၊ ရွှေကျောင်း၊ ခိုပြင်၊ နောင်သာယာနဲ့ တာဝါတိုင်ကုန်းတွေကို အရင်ဆုံး တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရ အရေးပါတဲ့ နေရာတွေကို အရင်ထိန်းချုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲပေါင်း ၆၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကာ လက်နက်ခဲယမ်းမျိုးစုံ ၂၇ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဗန်းမောက်မြို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၄ လကျော်အကြာမှာ မြို့တစ်ခုလုံးကို ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဗန်းမောက်မြို့ဟာ စစ်ကောင်စီတပ်အပြင် ၎င်းနဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) လည်း ထိန်းချုပ်ထားတဲ့ နေရာ ဖြစ်ပါတယ်။
KIA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ ဗန်းမောက်မြို့ကို လက်လွှတ်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။