ရဲမာန်၊ ဖေဖော်ဝါရီ ၉ ရက်၊ နတ်တလင်း
ပဲခူးတိုင်း နတ်တလင်းမြို့နယ် ကံသာယာကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ စစ်ကောင်စီတပ်က ပေါင်းတည်အစပ် ကျွဲတဲကြီးရွာဘက်ကနေ ၁၂၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“အမျိုးသမီးက ၃ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ နွား ၄ ကောင်လည်း ထိသွားတယ်” လို့ ဆိုပါတယ်။
နတ်တလင်းမြို့နယ် ဒမငယ်နဲ့ ငုတ်တိုရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက် မနက်အစောပိုင်းမှာ နတ်တလင်းမြို့အရှေ့ဘက်က ကျေးရွာတွေနဲ့ ပဲခူးရိုးမအစပ်ရှိ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ကင်းစခန်းတခုကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ ၆ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။