ရဲမာန်၊ ဖေဖော်ဝါရီ ၉ ရက်၊ သံတွဲ
ရခိုင်ပြည်နယ် သံတွဲမြို့ အမှတ် (၃) ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၈ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
“အရပ်သား ၂ ဦး ထိခိုက်သွားတယ်။ ဦးအောင်သန်းလင်းက လက်ကျိုးသွားတယ်။ ဦးသက်အောင်က ခေါင်းပေါက်သွားတယ်”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၉ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီမှာလည်း စစ်ကောင်စီတပ်က သံတွဲမြို့နယ် ငပလီမြို့ လင်းသာရပ်ကွက်နဲ့ ကျင်းကန်ကြီးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၅ ရက်ကလည်း သံတွဲမြို့နယ် ရွာရှည်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။