သုတ၊ ဖေဖော်ဝါရီ ၈ ရက်၊ မိုးကုတ်
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ကောင်စီ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေဆီက သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၈ ရက် မနက် ၁၀ နာရီဝန်းကျင်ကစပြီး မိုးကုတ်မြို့အရှေ့ပိုင်း ဆက်အင်းပြန့်ရွာအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီနေ့မနက် ၁၀ လောက်ကစပြီး ထိတွေ့တိုက်ပွဲ ဖြစ်တာ။ မိုးကုတ်အရှေ့ပိုင်းမှာ ဖြစ်တာပါ”
မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်ကစပြီး နောင်ချို-မိုးကုတ် လမ်းကြောင်းကနေတဆင့် မိုးကုတ်မြို့ထဲ Non-CDM ဝန်ထမ်းတွေကို ခေါ်သွင်းနေပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့မိုးကုတ်မြို့ထဲ ဝင်ရောက်လာပါတယ်။
မိုးကုတ်နဲ့မိုးမိတ်ထဲ ဝင်ရောက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။