ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၇ ရက်
စစ်ကောင်စီတပ်ကို မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်အောင် ဖိအားပေးပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဒေသမှာ ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းနိုင်ဖို့ နည်းပညာနဲ့ငွေကြေး ကူညီပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO က ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ပြုလုပ်တဲ့ “လုံခြုံမှုကင်းမဲ့သော ဘဝများ” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၄ နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ရှမ်းမြောက်မှာ အမျိုးသား ၁၁၈ ဦးနဲ့ အမျိုးသမီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TWO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ မတရား ဖမ်းဆီးချုပ်နှောင်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ပေါ်တာ ဆွဲတာနဲ့ မြေမြှုပ်မိုင်းတွေကို စစ်လက်နက်သဖွယ် အသုံးပြုနေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။
အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်နေတဲ့ စစ်တပ်နဲ့ ၎င်းရဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံး- ICC မှာ တရားစွဲဆိုနိုင်ဖို့ တရားလိုရှေ့နေ တင်ပြမှုကို နိုင်ငံတကာက ထောက်ခံအားပေးဖို့နဲ့ အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာအနေနဲ့ စစ်တပ်နဲ့ ၎င်းရဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီရဲ့ စီးပွားရေးလုပ်ငန်းကိုပါ ဆက်လက်ပိတ်ဆို့အရေးယူပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတာ၊ လက်နက် ရောင်းချပေးတာနဲ့ လေယာဉ်ဆီ ရောင်းချပေးတာတွေ မလုပ်ဖို့လည်း ပါဝင်ပါတယ်။
လက်ရှိ အကောင်အထည်ဖော်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ပံ့ပိုးကူညီဖို့နဲ့ ပြည်နယ်အစိုးရတွေကိုလည်း အသိအမှတ်ပြု လက်တွဲလုပ်ဆောင်ဖို့ကိုလည်း နိုင်ငံတကာကို TWO က တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။