ခိုင်လေး၊ ဇန်နဝါရီ ၂၁ ရက်၊ ငဖဲ
မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတစ်နေရာမှာ စခန်းစွန့်ခွာပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကို အရှိုချင်း ကာကွယ်ရေးတပ်- ACDF က တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီမှာ ၁၅ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး MA 1 သေနတ် သုံးလက်၊ ကျည်ဆန်နဲ့ ကျည်အိမ် သိမ်းဆည်းရမိကြောင်း Asho CDF က မနေ့ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ACDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ခနီလေဗွေက “ငဖဲ-အမ်း ပဒါန်းလမ်းဘက်က ထွက်ပြေးလာကြတာပါ။ အရှင်ဖမ်းမိတာ မရှိပါဘူး။ အရာရှိတွေ ပါမပါတော့ သေချာမသိရဘူးဗျ။ ကျနော်တို့ဘက်က တပ်စိတ် ၂ စိတ်ခွဲပြီး စောင့်ကြိုတိုက်ခိုက်တာပါ။ ကျန်တဲ့သူတွေက ထွက်ပြေးနေတုန်းပါ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်မှာလည်း အမ်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်နဲ့ ACDF တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးပြီး ၁၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ACDF က ပြောပါတယ်။