ပို့လဘား၊ ဖေဖော်ဝါရီ ၇ ရက်၊ ရှားတော
ကရင်နီပြည်နယ် ရှားတောမြို့နယ်က ကျေးရွာတစ်ရွာမှာ ရေကျောက်ရောဂါလို့ သံသယရှိသူ ၁၈ ဦး ရှိနေတယ်လို့ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ- KnMHC က မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကျေးရွာမှာ အိမ်ထောင်စု ၇၁ စုနဲ့ လူဦးရေ ၃၅၉ ဦးရှိပြီး အရေပြားအဖု ထွက်တာနဲ့ ဖျားနာတာတွေကို စောင့်ကြည့်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖြစ်ပွားနေတဲ့ရောဂါကို ရေကျောက်ရောဂါလို့ ယူဆရပြီး အဲဒီရေကျောက်ရောဂါ ဖြစ်ပွားသူ ၁၈ ဦး ရှိနေပြီး အဲဒီထဲမှာမှ ၂ ဦးက ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အရေပြားရောဂါ မပျောက်သေးဘူး။ နောက်တစ်မျိုး ပေါ်လာတယ်။ သူလည်း အရေပြားရောဂါတစ်မျိုးဘဲ။ ရောဂါနာမည်ပဲ မတူတာ။ သူက ကူးစက်မြန်တယ်။ အရေပြားရောဂါကျတော့ ဖြစ်တာကြာပြီ။ စစ်ရှောင်ကတည်းကဖြစ်တာ။ ဒီဘက်မှာ ရေကျောက်ရောဂါက အခုမှ စဖြစ်တာ။ ၁၂ လပိုင်းတုန်းက သူတို့ကို ကာကွယ်ဆေး ထိုးပေးတာ ရှိတယ်။ ဒီဘက်မှာ လမ်းကြောင်းတွေ ပိတ်နေတော့ ကုန်တွေလည်း ဘယ်မှာမှ ဝယ်မရ ဖြစ်နေတယ်။ အဲကြောင့် တခုခုဆို အရမ်းခက်ခဲတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
KnMHC အဖွဲ့အနေနဲ့လည်း ရေကျောက်ရောဂါ ကူးစက်ခြင်းကို ကာကွယ်နိုင်ဖို့နဲ့ ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
ရေကျောက်ရောဂါ ခံစားနေရတဲ့သူတွေဟာ အသုံးအဆောင်ပစ္စည်းဖြစ်တဲ့ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ လက်သန့်ရှင်းရေးပစ္စည်း အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့လည်း KnMHC က ပြောဆိုထားပါတယ်။
ရေကျောက်ရောဂါနဲ့ အရေပြားရောဂါဟာ ကူးစက်တတ်တဲ့အတွက် တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပြီး ဖျားနာတာနဲ့ အရေကြည်ဖုထွက်တဲ့လက္ခဏာ ခံစားရပြီဆိုရင် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေကို ဆက်သွယ်အကြောင်းကြားဖို့ KnMHC က တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။