ပို့လဘား၊ ဖေဖော်ဝါရီ ၆ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီဝန်းကျင်မှာ မြိုင်မြို့နယ် ရွာသစ်ကြီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“လေးယောက် ထိတယ်။ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတစ်ယောက်။ အဲထဲမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်။ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးတယ်”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း မြိုင်မြို့နယ် မြောက်ဆည်ရွာမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။
မြိုင်မြို့နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ၃ ရက်က မြေပြင်ကနေ စစ်ကြောင်း ထိုးနေပြီး မြေပြင်စစ်ကြောင်း မထိုးနိုင်တဲ့ မြိုင်မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ အလယ်ပိုင်းကိုတော့ လေကြောင်းကနေ အဓိက တိုက်ခိုက်နေတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဝာာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။