ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၆ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်မှုထမ်းစာရင်း ပါသူတွေ စစ်မှုထမ်း ကင်းလွတ်ခွင့်ရဖို့ သိန်း ၂၀၀ ပေးနိုင်တယ်လို့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူက ပြောဆိုထားကြောင်း မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ နောက်ဆုံးအပတ်ကစပြီး ပြင်ဦးလွင်ရှိ ဒေသခံအနေနဲ့ စစ်မှုထမ်း ကင်းလွှတ်ခွင့်ရဖို့ သိန်း ၂၀၀ ပေးနိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူက ပြောဆိုထားလို့ ဒေသခံတချို့က ငွေပေးပြီး စစ်မှုထမ်း ကင်းလွတ်ခွင့် ရနေကြတယ်လို့ ဆိုပါတယ်။
ရပ်ကွက်ကြီး ၇ နေ အမျိုးသမီးက “ဒီမှာက နေ့တိုင်းလတိုင်း အသက်ပြည့်သူတွေကို စစ်မှုထမ်းဆောင်ကြဖို့ စကစက ခေါ်တာရှိတယ်။ တချို့က သွားကြတယ်။ တချို့ကတော့ မသွားချင်ကြဘူးလေ။ အဲလူတွေကို ငွေပေးခိုင်းတာပေါ့” လို့ ပြောပါတယ်။
ပေးဆောင်ခိုင်းတဲ့ငွေ သိန်း ၂၀၀ ဟာ စစ်မှုထမ်း ရာသက်ပန် ကင်းလွတ်ခွင့်အတွက် ဖြစ်တယ်လို့ ပြောဆိုကြပေမဲ့ ဒေသခံတွေက မယုံကြည်ရဲကြကြောင်း နောက်ထပ် အမျိုးသားတစ်ဦးက ပြောဆိုပါတယ်။
“တချို့ကတော့ ပေးကြပေမဲ့ တချို့ကတော့ မယုံရဲကြဘူး။ တရားဝင်စာ ထုတ်ထားတာလည်း မဟုတ်တော့လေ။ ကြားထဲ လုပ်စားကြမှာကို ကြောက်နေကြတာ”
အလားတူ စစ်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင်နဲ့ ရှမ်းအရှေ့က မြို့နယ်တချို့မှာလည်း စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့လက်အောက်ခံ လက်နက်ကိုင်တပ်တွေက လူထုကို ဖိအားပေးကာ စစ်မှုထမ်းခိုင်းတာ ရှိသလို ငွေပေးခိုင်းပြီး ကင်းလွတ်ခွင့် ပေးတာတွေလည်း ရှိခဲ့ကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။