လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၆ ရက်၊ မိုင်းပေါက်
“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မြို့မှာ ဓားပြတိုက်ပြီး လူသေစေတဲ့အထိ ကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို သေဒဏ် စီရင်လိုက်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးဆီက သိရပါတယ်။
ပြစ်မှုကျူးလွန်သူ အမျိုးသား ၃ ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ လူမြင်ကွင်းရှေ့မှာ “ဝ” တရားစီရင်ရေးဌာနက သေဒဏ် စီရင်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဒီနေ့မနက်ပိုင်းက ပေးသွားတာ။ အဲလူတွေ ဓားပြတိုက်တဲ့နေရာက မိုင်းပေါက်မြို့မှာပဲ ဖြစ်တာ။ ဖြစ်စဉ်က ရက်အတိအကျတော့ မသိရဘူး။ လူမြင်ကွင်းက ကွပ်မျက်တဲ့ ကွင်းကြီးမှာပဲ သေဒဏ် ပေးတာ။ ပညာပေးအနေနဲ့ လူထုတွေ တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှုခိုင်းတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
သေဒဏ် ချမှတ်ခံရတဲ့ အမျိုးသား ၃ ဦးဟာ အသက် ၂၀ ဝန်းကျင်သာရှိတဲ့ လူငယ်ပိုင်း ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အခုလို သေဒဏ် ချမှတ်မှုနဲ့ ပတ်သက်ပြီး UWSA တပ်ဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်မှာလည်း UWSA ထိန်းချူပ်ထားတဲ့ ဟိုပန်မြို့မှာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို လူမြင်ကွင်းရှေ့မှာ “ဝ” တရားစီရင်ရေးဌာနက သေဒဏ် ပေးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။