လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၅ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက ဒေသခံ နှစ်ဦးဟာ မိုင်းနင်းမိပြီး နှစ်ဦးစလုံး ခြေထောက်ပြတ်ထွက်သွားခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် မနက် ၈ နာရီခွဲမှာ နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု တောင်ရှည်ရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ နေအိမ်ခြံဝန်းအတွင်းမှာဘဲ မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် ခြေထောက်နှစ်ဖက်စလုံး ပြတ်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
“အမေက အိမ်သာဘေးမှာ အမှိုက်သွားပစ်တာ။ အိမ်ခြံထဲက အိမ်သာနားမှာဘဲ နင်းမိတာ။ နင်းမိတဲ့အချိန်မှာ ညာဘက်ခြေထာက်က ပြတ်ထွက်သွားတယ်။ ဘယ်ဘက်ခြေထောက်ကျတော့ အသားတွေ မရှိတော့ဘူး။ အရိုးဘဲကျန်တော့တယ်။ ဆေးရုံရောက်တော့ နှစ်ဖက်စလုံး ဖြတ်လိုက်ရပြီ” လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း နောင်ချိုမြို့နယ် ညဏ်တောကျေးရွာအုပ်စု နောင်လင်ရွာက အမျိုးသားတစ်ဦးလည်း အိမ်ခြံတွင်း ရှင်းနေချိန်မှာ မိုင်းနင်းမိခဲ့တာလို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အိမ်ခြံစည်းရိုးမှာ နင်းမိတာ။ အိမ်နောက်ဘေးက ဝါးရုံနောက်မှာ ခြံရှင်းနဲ့ နင်းမိတာ။ ညာဘက်ခြေထောက်က ဖြတ်လိုက်ရတယ်။ ဘယ်ဘက်ခြေထောက်က မိုင်းအစထိမှန်တာ” လို့ ပြောပါတယ်။
မိုင်းနင်းမိတဲ့ တောင်ရှည်ရွာခံကတော့ အသက် ၄၆ နှစ်အရွယ် ဒေါ်မြင့်ခိုင်းဆိုသူနဲ့ နောင်လင်ရွာခံဖြစ်သူကတော့ အသက် ၄၃ နှစ်အရွယ် ဦးဇော်လင်းထွန်းဆိုသူ ဖြစ်ပါတယ်။
အဲဒီမိုင်းနင်းမိသူ နှစ်ဦးစလုံးဟာ လက်ရှိအချိန်အထိ ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး ဆေးကုသဖို့အတွက် အခက်အခဲရှိနေတာကြောင့် အကူအညီ လိုအပ်နေတယ်လို့ နှစ်ဦးစလုံးရဲ့ မိသားဝင်တွေက ပြောပါတယ်။
တောင်ရှည်ရွာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် လကုန်ပိုင်းမှာလည်း ဦးမင်းအောင်ဆိုသူက ဘုန်းကြီးကျောင်းဘေးမှာပဲ သန့်ရှင်းရေးလုပ်နေစဉ်မှာ မိုင်းနင်းမိခဲ့ပြီး ခြေတစ်ဖက် ဖြတ်လိုက်ရတယ်လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ကျန်ကျေးရွာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ကိုပန်စိန်ဆိုသူဟာလည်း မြေမြှုပ်မိုင်း နင်းမိပြီး ခြေနှစ်ဖက် ပြတ်ခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၆ ဦးအပါအဝင် ၂၇ ဦးက ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။