လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၄ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာကနေ ဖားပြင်ကျေးရွာသွားတဲ့ ဉရုချောင်းလမ်းဘေးမှာ လူငယ်အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ လူငယ်အမျိုးသားနှစ်ဦးဟာ ဆန်းကြွယ်ကျေးရွာဘက်ကနေ ဖားပြင်ကျေးရွာကို ဉရုချောင်းကပ်လျက်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာချိန် နင်းမိခဲ့တာဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
“ခုပဲ မိဘတွေ ချိတ်ဆက်လာကြလို့ လိုက်သွားကြပြီ။ နာမည်တွေတော့ သူတို့လဲ လောနေတော့ မမေးထားလိုက်ဘူး။ ခုထိတော့ သေချာ မသိသေးဘူးဗျ။ အပူတပြင်း လိုက်သွားကြတာဆိုတော့။ ဆိုင်ကယ်အမျိုးအစားက သူတို့ကလေးဟာဆိုပြီးပဲ။ ရုပ်အလောင်း သယ်မသယ်က မိဘတွေ ခုမှ လိုက်ကြည့်တုန်းပေါ့နော်။ သူတို့ ဘယ်လိုစီစဉ်မယ် မသိရသေးပါဘူး။ စစ်ရေးအခြေအနေအက ညမိုးချုပ်ရင် ဖြတ်သန်းလို့ မရတဲ့အခြေအနေဖြစ်နိုင်တာလည်း တစ်ပိုင်းပါတော့လေ”
အဆိုပါ လူငယ်နှစ်ဦး မိုင်းနင်းမိခဲ့တဲ့ ဉရုချောင်းဘေးသွားလမ်းဟာ စစ်ရေးအခြေအနေအရ ပိတ်ထားခဲ့တာ ၃ လနီးပါးကြာပြီဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“အဲဒီလမ်းက ပိတ်ထားတာကြာပြီဗျ။ ၃ လလောက်ရှိပြီ။ အဲမှာ ဘယ်သူမှ အသွားအလာမရှိဘူး။ အဲလမ်းက ဖြတ်ခွင့်လည်းမပေးဘူး။ အခုကတော့ တိုက်ပွဲအခြေအနေအရ အဲဒီမှာ သီးသန့်ဂိတ်တော့ မရှိဘူးပေါ့နော်။ တိုက်ပွဲအခြေအနေအရ မိုင်းတွေတော့ ထောင်ထားကြမှာပေါ့။ အဲလိုအနေအထား ဖြစ်တာ ဟုတ်တယ်ဗျ”
လက်ရှိမှာတော့ မိုင်းထိလူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဝင်တွေက လာရောက်သယ်ဆောင်သွားပြီလို့ ဆိုပါတယ်။
အလားတူ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၈ နာရီခွဲဝန်းကျင်ကနေ နေ့လယ် ၂ နာရီဝန်းကျင်အထိ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ စစ်ကောင်စီတပ်က Y12 နဲ့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်အထိ ဖားကန့်မှာ တိုက်ပွဲအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၂၀ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။