လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၄ ရက်
ကချင်တပ်မတော်-KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကလေးငယ်တွေ လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲလို့ ၁ ဦး သေဆုံးပြီး ၃ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင်မှာ ခန့်မှန်းချေ အသက် ၅ နှစ်ဝန်းကျင်အရွယ်ရှိတဲ့ ကလေးငယ် ၄ ဦးတို့ဟာ နမ့်ဖတ်ကာ ရပ်ကွက် ၃ ရှိ ကိုးကန့်တပ် MNDAA ရုံးအနီးမှာ လက်ပစ်ဗုံး ကောက်ရပြီး ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်သွားတာလို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကလေး ၄ ယောက်က MNDAA ရုံးနားမှာ လက်ပစ်ဗုံး ကောက်တွေ့မိတာ။ ကောက်တွေ့တော့ ဆော့ကြတာလေ။ အဲဒါနဲ့ ပေါက်ကွဲပြီး ထိသွားတာလေ”
အဲဒီပေါက်ကွဲမှုကြောင့် ရန်ယုံချမ်းဆိုသူ သေဆုံးသွားပြီး ရန်ကျူးဝင့်၊ ရန်ယုံရှင်းနဲ့ ရန်ယုံအန်း ဆိုသူတို့ ထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရတဲ့ ကလေးငယ် ၃ ဦးဟာ လောက်ကိုင်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မနောင်ယန် ရပ်ကွက် ၅ မှာ စစ်ကျန်လက်နက်ကျည် ကောက်ယူဖြုတ်ရာကနေ ပေါက်ကွဲပြီး ဒေသခံ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။