မိုင်းရူပ၊ ဖေဖော်ဝါရီ ၃ ရက်၊ မန်တုံ
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ်မှာ မီးသွေးတစ်အိတ်ကို ၅,၀၀၀ ကျပ်ဝန်းကျင်သာ ရတယ်လို့ မီးသွေးလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
“ကျနော်တို့ရွာမှာက တစ်အိတ်ကို ၄,၅၀၀ ဘဲပေးတာ။ ဒီစျေးအတိုင်းဆို ဘာမှတော့ မကျန်ဘူး။ ကျနော်တော့ မရောင်းရသေးဘူး။ ၄,၅၀၀ က တောင်ယာလုပ်ထားတဲ့ နေရာမှာ ကျန်တဲ့သစ်တွေကို မီးသွေးပြန်လုပ်တာပေါ့။ အခု ခုတ်ထားတဲ့ သစ်တွေဆို ၅,၀၀၀ ရတယ်” လို့ မန်တုံမြို့နယ် မန်အီရွာခံ ဦးအညီက ရွှေဖီမြေကို ပြောပါတယ်။
မီးသွေးစျေးတွေ မကောင်းတာကြောင့် မန်တုံမြို့နယ်က ဒေသခံတွေဟာ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
မန်တုံမြို့နယ်က ထွက်တဲ့ မီးသွေးတွေကို တရုတ်နိုင်ငံဘက်ကို အဓိက တင်ပို့တာပြီး တရုတ်ဘက်က စျေးနှိမ်ပြီး ဝယ်တာတွေနဲ့ လမ်းခရီး ဝေးတာတွေကြောင့် အခုလို မီးသွေးစျေး မရတာလို့ မီးသွေးအရောင်းအဝယ် လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
ဒါ့အပြင် PSLF/TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပေမယ့် လက်ရှိအချိန်အထိ ကုန်သွယ်မှုတွေ မပြုလုပ်နိုင်သေးတာကြောင့် မီးသွေးစျေး မကောင်းတာလို့လည်း ဆိုပါတယ်။
မန်တုံနဲ့ နမ့်ခမ်းမြို့နယ်တွေမှာ လက်ဖက်လုပ်ငန်းအပြင် မီးသွေးလုပ်ငန်းကိုလည်း အဓိက လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။