ရဲမာန်၊ ဖေဖော်ဝါရီ ၃ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်က ဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတဲ့ ပြည်သူပိုင် ဆန်အိတ် ၄၀၀ ကျော်နဲ့ ပဲအိတ်တွေကို စစ်ကောင်စီတပ်ဖွဲ့က အဓမ္မသိမ်းယူသွားတဲ့အပြင် သံဃာတော် ၂ ပါးကိုလည်း ရိုက်နှက်သွားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းက သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကစပြီး မြိုင်မြို့နယ် အိုရင်းရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်အရောက်မှာတော့ ဆန်အိတ်နဲ့ ပဲအိတ်တွေကို သယ်ယူသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီဆန်အိတ်တွေကို ဘုန်းကြီးပိုင်တွေ မဟုတ်ပါဘူး။ အိုရင်းဆိုတာက ကမ္မနဲ့တော့ ၆ မိုင်လောက်တော့ ဝေးတယ်။ ကမ္မတစ်ကြောက စစ်ကြောင်းတွေကို အဝင်အထွက် တော်တော်ထူနေတော့ သူတို့ဆီမှာ မထားရဲလို့ ဘုန်းကြီးကျောင်းမှာ လာထားတာပါ။ ဘုန်းကြီးမှာ ဂိုဒေါင်လိုထားတဲ့ အခန်းရှိလို့ လုံခြုံမယ်ထင်လို့ လာထားတာပါ။ ဆန်အိတ်တွေ ယူတဲ့နေရာမှာ ဘုန်းကြီးတွေကို ရိုက်နှက်ခဲ့ပါတယ်။ ဘုန်းကြီးတွေလည်း ပြေရာပြေကြောင်းပြောတာ တားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
အိုရင်းရွာ ဘုန်းကြီးကျောင်းထဲကို ရေလာကြီးရွာ ဇီးခွဲစက်မှ လာရောက်သိမ်းထားတဲ့ ဆန်အိတ် ၁၀၀ ကျော်၊ ထန်းတပင်ကျေးရွာက စျေးသည်တစ်ဦး လာရောက်သိမ်းဆည်းထားတဲ့ ဆန်အိတ် ၂၀၀ ကျော်နဲ့ ပြည်သူတွေသိမ်းဆည်းထားသော ဆန်အိတ်တွေအပါ ၄၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဆန်အိတ်တွေကို တွင်းမရွာက ပျူစောထီးတွေဟာ နွားလှည်း ၂ စီး၊ လိုက်ထရပ် ၁ စီး၊ ထော်လာဂျီ ၃ စီးတို့နဲ့ သယ်ယူသွားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“ဒီ ၂၀၂၆ ထဲမှာ စစ်ကောင်စီဘက်က ဗျူဟာတွေ ပြောင်းလာတယ်။ စစ်တပ်အထိုင်စခန်းနဲ့ ပျူစောထီးတွေကို ရိက္ခာမပို့တော့ဘဲနဲ့ အနီးပတ်ဝန်းကျင်က ရိက္ခာတွေ လုယက်ယူပြီး ပို့နေတာ တွေ့နေရပါတယ်။ ဒီဖြစ်စဉ်တွေက မြိုင်မြို့နယ်သာမကဘဲ ပေါက်နယ်မှာလည်း လှည်းအစီး ၃၀ နဲ့ တိုက်ပြီး ပျူစောထီးရွာကို သယ်သွားတာရှိပါတယ်” လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပခုက္ကူ တပ်မ ၁၀၁ ၊ ၉၉ နဲ့ ၈၈ တို့ဖြစ်ပြီး အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။