ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂ ရက်
စစ်ကောင်စီရဲ့ လက်ဝေခံတပ်ဖြစ်တဲ့ ကာလိပြည်သူ့စစ်ထိန်းချုပ်ရာ ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲထဲက ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်) ရုံရှိတဲ့ နေရာ ၄ ခုကို ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားအများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ ကာလိမြို့နယ်ခွဲထဲက ကျိုင်းလွန်းကျေးရွာအုပ်စု ဝမ်နမ့်မင်းကျေးရွာအနီးက ကျားဖြန့်ရုံတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ဝင်ရောက်စီးနင်းမှုမှာ တရုတ်နိုင်ငံသား ၅၂ ယောက်အပါအဝင် ဆက်သွယ်ရေးပစ္စည်း၊ အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်တဲ့ ပစ္စည်းအများအပြားကိုလည်း ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က အဲဒီလို တရုတ်ကျားဖြန့်ရုံ ဝင်ရောက်ဖမ်းဆီးနိုင်တာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး လုပ်ဆောင်တယ်လို့ ပြောပေမဲ့ ဘယ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေလဲဆိုတာ ထည့်သွင်းပြောဆိုတာတော့ မရှိပါဘူး။
ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲကို စစ်ကောင်စီရဲ့ လက်အောက်ခံ ကာလိပြည်သူ့စစ်က အဓိက ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းမြောက် မိုင်းရယ်နဲ့ သီပေါမြို့နယ်ထဲက မူးယစ်ဆေးဝါး ထုတ်လုပ်ရေးစခန်းကိုလည်း တရုတ်နိုင်ငံရဲ့ ကူညီပံ့ပိုးမှုကြောင့် စံချိန်တင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီတပ်က ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။